တံတားဦး မတ် ၁၃
ပူပြင်းခြောက်သွေ့သော နွေရာသီ ပွင့်လင်းရာသီကာလသို့ ရောက်ရှိပြီဖြစ်၍ တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ယမန်နေ့က တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူအောင် ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်ရှိ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိသော မီးသတ် ရေကန်များတွင် ရေဖြည့်တင်းထားရှိရေး စစ်ဆေးဆောင်ရွက်ခြင်း ၊ ဌာနပိုင်ရုံးများ၊ စည်ပင်သာယာဈေး၊ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိကအဆောက်အအုံများတည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ စက်ရုံ၊ အလုပ်ရုံများတွင် မီးဘေးလုံခြုံရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေခြင်းနှင့် မီးငြိမ်းသတ်နည်းဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း၊ ဒေသခံပြည်သူများ၏ နေအိမ်များသို့ တစ်အိမ်တက်၊ တစ်အိမ်ဆင်းသွားရောက်ပြီး လျှပ်စစ်ဝါယာရှော့နှင့် မီးဖိုများမှ မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အကြံပြုစစ်ဆေးခြင်းစသည်တို့ကို အရှိန်အဟုန်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရဲတင့်( ပြန်/ဆက်)