ကျောက်ဆည် မတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ကျောက်ဆည်မြို့နယ် အင်တိုင်းကျေးရွာ ရွာလည်ဓမ္မာရုံတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားရေး အခြေခံစက်ချုပ်နည်းများကို ဇူလိူင် (၂၄) ရက်နေ့မှ စတင်ပြီး (၄၅) ရက်အကြာတစ်ကြိမ်နှင့် မွမ်းမံသင်တန်းကို စက်တင်ဘာ (၆) ရက်နေ့မှ (၂၀) ရက်နေ့အထိ (၁၅)ရက်အကြာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် အခမဲ့သင်ကြားပေးသဖြင့် သင်တန်းတက်ရောက်ခဲ့သူများ ဝင်ငွေလွယ်ကူစွာ ရှာဖွေနိုင်သောကြောင့် မိသားစုများ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံစက်ချုပ်နည်းသင်တန်းကို ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်အတွက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် စက်ချုပ်ပညာများကို အခြေခံကအစ၍ စာတွေ့လက်တွေ့ သင်ကြားပေးခြင်းဖြင့် တစ်နိုင်တစ်ပိုင် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေအလွယ်တကူရှာဖွေနိုင်ရေး၊ ကိုယ်ပိုင်လုပ်ငန်းများ စတင်တည်ထောင်နိုင်ရေး ထူးချွန်သင်တန်းသား/သင်တန်းသူ(၅)အား စက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယခုအခါ သင်တန်းသား/ သင်တန်းသူများအနေဖြင့် အခြေခံစက်ချုပ်သင်တန်းနှင့်မွမ်းမံသင်တန်းတို့မှ သင်ကြားပေးလိုက်သော ပုဆိုး၊ လုံချည်၊ သင်္ဘောသားဘောင်ဘီ/အင်္ကျီ၊ အမျိုးသမီးဝတ် ရင်စေ့/ရင်ဖုံး၊ အမျိုးသမီးအပေါ်ထပ်ဝတ်လက်ရှည်၊ ကလေးဝတ်ဘာဂျာစကတ်၊ ကလေးဝတ် ရင်စေ့ကော်လံအဝိုင်း၊ ကလေးဝတ်သင်္ဘောသားအင်္ကျီ၊ အမျိုးသမီဝတ် ရင်စေ့အင်္ကျီ၊ အမျိုးသားကလေးဝတ် ဟာဝေယံကော်လံ လက်ရှည်အင်္ကျီ၊ အမျိုးသမီးဝတ် ရင်ဖြတ်ဆက် နောက်ဇစ်ဆွဲအင်္ကျီနှင့် ချိတ်စကတ်ချုပ်နည်းများ ချုပ်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေများ အလွယ်တကူရှာဖွေနိုင်သဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)