ကျောက်ပန်းတောင်း မတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်ပေးလျက်ရှိရာ၊ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားပျော်ရွှင်စွာတက်ရောက်လျက်ရှိကြပြီး၊ မတ်လ(၁၂)ရက်နေ့ နံနက်(၉)နာရီက ညောင်ဦးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုထွေး လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား/ကျောင်းသူကလေးငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် ရွက်ပုံးသီးအားကစားသမားများ ထွက်ပေါ်လာပြီး၊ မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အဆိုပါ အားကစားသင်တန်းများကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရပြီး၊ ဖွင့်လှစ်သင်ကြားပေးသည့် အားကစားနည်းများအနေဖြင့် ဘောလုံး၊ ကရာတေး၊ ဘော်လီဘော၊ မြန်မာ့သိုင်းနှင့် Physical Fitness Dance တို့ ပါဝင်ကြောင်း သိရသည်။ အဆိုပါ အားကစားနည်းများတွင် ပါဝင်လေ့ကျင့်နေကြသည့် ကျောင်းသား/ကျောင်းသူလေးများအား၊ အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုထွေးက တွေ့ဆုံရာတွင် မိမိတို့ဝါသနာပါသည့် အားကစားနည်းများကို စိတ်ရှည်လက်ရှည်လေ့ကျင့်သင်ကြားခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်မည်ဖြစ်ပြီး၊ နောင်တစ်ချိန်တွင် နိုင်ငံဂုဏ်ဆောင်အားကစားသမားကောင်းများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်းနှင့် အခွင့်အလန်းကောင်းများလည်း များစွာရှိကြောင်း အားပေးစကား ပြောကြားသည်။
အဆိုပါ နွေရာသီအားကစားသင်တန်းများကို (၁-၃-၂၀၂၄)ရက်နေ့မှ (၂၁-၃-၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းများသို့ ဘောလုံးအားကစားနည်းတွင် ကျား ၅၅ ဦး၊ မ ၅ ဦးပေါင်း (၆၀) ဦး၊ ကရာတေး အားကစား နည်းတွင် ကျား ၁၂ ဦး၊ မ ၁၅ ဦး ပေါင်း(၂၇)ဦး၊ ဘော်လီဘောအားကစားနည်းတွင် ကျား ၈ဦး မ ၁၀ ဦး ပေါင်း (၁၈) ဦး၊ Physical Fitness Dance တွင် ကျား ၃ ဦး မ ၁၉ ဦး ပေါင်း(၂၂)ဦး နှင့် မြန်မာ့သိုင်းအားကစားနည်းတွင် ကျား ၂၁ ဦး၊ မ ၁၂ ဦး ပေါင်း(၃၃)ဦး စုစုပေါင်း(၁၆၇)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)