ကျောက်ပန်းတောင်း မတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်အနီး ပတ်ဝန်းကျင်ကျေးရွာများသည် စိုက်ပျိုးရေးလုပ်ငန်းများကို နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ အဓိကစိုက်ပျိုးသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများ၊ မာလကာ၊သရက်၊ နဂါးမောက်၊ စပျစ်၊ သင်္ဘော၊ ငှက်ပျောစသည့် ခြံထွက်သီးနှံများ၊ ဟင်းသီးဟင်းရွက်မျိုးစုံနှင့် မေမြို့ပန်း၊ ဂန္ဓမာပန်းအစရှိသည်တို့ကို မြေအောက်ရေအသုံးပြုကာ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ယခုအခါ အောက်တိုဘာလစတုတ္ထအပတ်မှ နိုဝင်ဘာလဒုတိယအပတ်အတွင်း စတင်ပျိုးထောင်ပြီး ဒီဇင်ဘာလစတုတ္ထအပတ်မှ ဇန်နဝါရီလဒုတိယအပတ်အတွင်း ရွှေ့ပြောင်းစိုက်ပျိုးထားသော ကြက်သွန်နီစိုက်ခင်များ အထူးကောင်မွန်လျက်ရှိပြီး တောင်သူများမှာလည်း စျေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ကြက်သွန်နီတွင် မိုးကြက်သွန်နှင့် ဆောင်းကြက်သွန်ဟူ၍နှစ်မျိုးရှိသည်။ ကြက်မောက်တောင်ဆည်အနီး ပတ်ဝန်းကျင်ကျေးရွာများသည် မိုးကြက်သွန်စိုက်ပျိုးသူ အနည်းငယ်သာရှိပြီး ဆောင်းကြက်သွန်ကိုသာ အဓိကအားထားစိုက်ပျိုးကြကြောင်း သိရသည်။ ဆောင်းကြက်သွန်နီကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ပျိုးထောင်ကြပြီး ရက်ပေါင်း ၄၅ရက်သားမှ ၆၀ရက်သားအတွင်း ပြောင်ရွှေ့စိုက်ပျိုးကြကြောင်း သိရသည်။ ရွှေ့ပြောင်းစိုက်ပျိုးပြီး မတ်လကုန် ဧပြီလ၌စတင်နုတ်သိမ်းကြောင်း သိရသည်။ ကြက်သွန်တစ်ဧကစိုက်ပျိုးလျင် ကုန်ကျငွေ စုစုပေါင်း ၃၅သိန်းမှ သိန်း၄၀ အထိ ကုန်ကျပြီး တစ်ဧကအထွက်နှုန်း ပိဿာချိန် ၅၀၀၀ မှ ၆၀၀၀ အထိ ထွက်ရှိကြောင်း သိရသည်။
အရင်းအနှီးကုန်ကျစာရိတ်များသည့် ကြက်သွန်နီကို ယခင်နှစ်တွင် ပေါ်ဦးအချိန်တွင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ရောင်းချရပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ရောင်းချရသောကြောင့် တောင်သူများ အဆင်ပြေခဲ့ပါသည်။ ထိုကြောင့် ယခုနှစ်တွင် ကြက်သွန်နီစိုက်တောင်သူများသည် စိုက်ပျိုးဧက တိုးချဲ့စိုက်ပျိုးလာပြီး ယခုပေါက်စေ ၂၀၀၀ ကျပ်မှ ၂၁၀၀ကျပ်ရှိပြီး နောက်ပိုင်းကာလဖြစ်သည့် သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလများတွင် ၅၀၀၀ ကျပ်အထိ ရရှိရန် မျှော်လင့်ကြောင်း တောင်သူဦးမြင့်သိန်းထံမှ သိရသည်။ ထိုမှသာ ကြက်သွန်နီစိုက်ပျိုးတောင်သူများ အရင်းများ၍ အမြတ်များများရရှိကာ အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
UPWA