စဉ့်ကိုင် မတ် ၁၃
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါလာပြီး မတ်လ ၁၂ရက် နံနက် (၁၀)နာရီ ၁၀မိနစ် အချိန်က စဉ့်ကိုင်မြို့နယ်အတွင်းရှိ၊ အ.ထ.က (စဉ့်ကိုင်) ကျောင်းသို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုနေသော ကျောင်းသား/သူများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ လိုက်လံကြည့်ရှုခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ အ.ထ.က (စဉ့်ကိုင်) စာဖြေဌာနသို့ ရောက်ရှိစဉ် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးကိုကိုကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ပြီး မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက စာဖြေခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများ၊ စာရင်းရှိ၊ ဖြေဆိုမှု၊ ပျက်ကွက်မှုအခြေအနေများ၊ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား/သူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်း/ စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာမေးပွဲပြီးဆုံးသည်အထိ ကျောင်းသား၊ ကျောင်းသူများ စိတ်အနှောင့်အယှက်မဖြစ်ပေါ်စေဘဲ အေးချမ်းသာယာစွာဖြေဆိုနိုင်ရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များ၌ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများက စနစ်တကျစောင်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း၊ အ.ထ.က (စဉ့်ကိုင်)နှင့် အ.ထ.က (ပလိပ်) စာစစ်ဌာန (၂)ခုဖွင့်လှစ်ထားရှိရာ ယမန်နေ့အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုသူ (၅၆၂)ဦးရှိရာ ပျက်ကွက်သူ (၁၁)ဦးဖြစ်ပြီး (ဖြေဆိုမှုမှာ ၉၈ရာခိုင်နှုန်း) ဖြစ်ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)