ရှရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲအား လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့ ထွက်ခွာ

တံတားဦး  မတ် ၁၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတရွေးကောက်ပွဲအား လေ့လာရန်နှင့် မော်စကိုမြို့တွင် ကျင်းပမည့် International Scientific and Practical Conference သို့ တက်ရောက်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် အဖွဲ့သည် ယနေ့ညနေ(၄)နာရီ(၁၀)မိနစ်အချိန်တွင် လေကြောင်းခရီးစဉ်ဖြင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မော်စကိုမြို့သို့ ထွက်ခွာကြရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်အရှင်အဖွဲ့ဝင်ဦးသန်းအောင်ကျော်နှင့် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ၊ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် တာဝန်ရှိသူများက လိုက်လံပို့ဆောင် နှုတ်ဆက်ကြကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲအား လေ့လာခြင်းနှင့် International Scientific and Practical Conference သို့ တက်ရောက်ခြင်းအားဖြင့် ရုရှားနိုင်ငံ၏ ရွေးကောက်ပွဲ ကျင်းပပုံ နည်းစနစ်များ ရွေးကောက်ပွဲ စီမံခန့်ခွဲမှုနည်းလမ်းများ ရွေးကောက်ပွဲတွင် နည်းပညာအသုံးပြု ဆောင်ရွက်နေမှုများကို လေ့လာသိရှိနိုင်မည့်အပြင် နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာသူများအကြား အမြင်ချင်းဖလှယ်ဆွေးနွေးခွင့်များ အတွေ့အကြုံမျှဝေခွင့်များရရှိမည်ဖြစ်ရာ ခရီးစဉ်သည် ၁၂.၃.၂၀၂၄ ရက်နေ့မှ၂၀.၃.၂၀၂၄ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)