မလှိုင် မတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေတင့်သည် မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လေး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား တတိယသုံးလပတ် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါနေ့က လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများသည် အမှတ် (၂) ရပ်ကွက်ရှိ အဘိုး၊ အဘွား(၃၅)ဦးတို့အား အမျိုးသားလူမှုရေးပင်စင်ထောက်ပံ့ငွေ တစ်လလျှင် ငွေကျပ် (၁) သောင်းနှုန်းဖြင့် (၃)လအတွက် ထောက်ပံ့ငွေကျပ် (၃)သောင်းစီကို နိုင်ငံတော်၏ကိုယ်စားတာဝန်ရှိသူတို့မှ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့သည်။ အမှတ်(၂)ရပ်ကွက်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုး/အဘွား(၃၅)ဦးရှိ၍ စုစုပေါင်းထောက်ပံ့ငွေ ကျပ်ဆယ်သိန်းငါးသောင်းကျပ်ကို ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုး/အဘွားများအား မြို့ပေါ် ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၂)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက တစ်ပြိုင်နက်တည်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွက် ထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းဦးစီးဌာနမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
မလှိုင်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် အဘိုး (၃၃၆)ဦး၊ အဘွား(၇၁၂)ဦး၊ စုစုပေါင်း(၁၀၄၈)ဦး တို့အတွက် စုစုပေါင်းငွေကျပ်(၃၁၄၄၀၀၀ဝိ/-) (ကျပ်သုံးရာတစ်ဆယ့်လေးသိန်းလေးသောင်း) တိတိကို ပေးအပ်နိုင်ခဲ့ကြောင်း သိရသည် ။
အောင်ဌေး (မလှိုင်)