မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် အမရပူရမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့်စဉ့်ကိုင်မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများအား လိုက်လံကြည့်ရှု

ချမ်းအေးသာစံ မတ် ၁၃

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ယမန်နေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး မတ်လ(၁၂)ရက် နံနက်ပိုင်းက အမရပူရမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လိုက်လံကြည်ရှုကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမရပူရမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ယန္တရား)သို့ရောက်ရှိပြီး အခြားအရပ်ဒေသများတွင် စာဖြေခွင့်တင်ထားပြီး အခြေအနေအကြောင်းအမျိုးမျိုးကြောင့် စာဖြေဆိုရန်အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်နှစ်ဆုံးရှုံးမှုမရှိစေရေး  စီစဉ်ဆောင်ရွက်ပေးထားရာ ဝင်ရောက်ဖြေဆိုနေမှုများ၊ ၎င်းနောက် ကျောက်ဆည်မြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်ကျောင်းနှင့် စဉ့်ကိုင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (စဉ့်ကိုင်) နေရာများသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုကာ တိုင်းဒေသကြီး/မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများက စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စာမေးပွဲကြီးကြပ်ရေးမှူး ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ထောက်ပံ့ကိစ္စများ ဆောင်ရွက်ပေးနေကြသူများကို  အားပေးစကားများ ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မန္တလေးတိုင်းဒေသကြီးအတွင်း စာစစစ်ဌာန ၇၄ ခု ဖွင့်လှစ်ထားပြီး ယမန်နေ့အင်္ဂလိပ်စာဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသူ ၁၉၄၁၃ ဦး၊ ပျက်ကွက်  ၈၀၃ ဦး ရှိရာ (ဖြေဆိုမှု ၉၆.၀၃ရာခိုင်နှုန်း)ရှိကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ  သိရသည်။

ထွန်းထွန်းနိုင်