ဒလမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

ဒလ မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ရပ်ကွက်၊  ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့်စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာဝင်းက ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ပုံမှန်ဖွင့်လှစ်ပေးစေလိုကြောင်း၊ မြို့နယ်အတွင်းရှိစာကြည့်တိုက်အားလုံးရေရှည် ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာကြည့်တိုက်ကော်မတီဝင်နှင့် စာကြည့်တိုက်မှူးများ အလေးထားဆောင်ရွက် သွားကြရန်ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များသို့လှူဒါန်းသည့် စာအုပ်များအား ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်(၈)တိုက်သို့ ထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့ရာ စာကြည့်တိုက်မှူးများက အသီးသီးလက်ခံရယူခဲ့ကြသည်။      

အဆိုပါဆွေးနွေးပွဲနှင့်စာအုပ်လှူဒါန်းပွဲတွင် ဒလမြို့နယ်ရုံးမှ ပြသထားသော ဗဟုသုတရဖွယ် သုတ၊ ရသစာအုပ်စာစောင်များ၊ နံရံကပ်စာ​​စောင်များကို တက်ရောက်လာသော စာကြည့်တိုက်ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်မှူးများမှ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြသည်။

မြင့်ဇော်(ပြန်/ဆက်)