လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ဓာတ်ပုံ၊ နံရံကပ်စာစောင်စာအုပ်ပြပွဲ သန်လျင်၌ ကျင်းပ

ရန်ကုန် မတ် ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန သန်လျင်လူငယ်သင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီတွင် သန်လျင်လူငယ်သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အစီအစဥ်အရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသောင်းဒန်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိမွန်က လူငယ်နှင့်အနာဂတ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးရဲနိုင်ထွန်းက လူငယ်နှင့်ဆေးလိပ်၊ ကွမ်းယာအန္တရာယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာလင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရသည့်အကြောင်း ခေါင်းစဥ်များဖြင့် အသီးသီးအသိပညာပေးဟောပြောကြသည်။ ထို့နောက် သန်လျင်လူငယ်သင်တန်းကျောင်းအုပ်ကြီး ဦးအောင်စိုးဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယနေ့အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအား ကျောင်းသားများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသည်၊ ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)