သံဖြူဇရပ် မတ် ၁၃
ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူတို့ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာသုတေသီဘုန်းမြင့်သွေးရေးသားသည့် သင့်ဘဝအောင်မြင်ရေးလှေခါးထစ်များ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီက စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာသုတေသီဘုန်းမြင့်သွေးရေးသားသည် သင့်ဘဝအောင်မြင်ရေးလှေခါးထစ်များစာအုပ်ပါ အကြောင်းအရာမှ အခက်အခဲများကိုဖြတ်ကျော်ခြင်း၊ သောကမရှိအောင်နေထိုင်ခြင်း၊ စသည့်အကြောင်းအရာများကို စာပေဝါသနာရှင်မအိသဲဖြူကဖတ်ကြားဆွေးနွေးပြီး အားနည်းချက်ကိုပြုပြင်ခြင်း၊ ယုံကြည်မှုကိုတည်ဆောက်ခြင်း၊ စနစ်တကျလုပ်ကိုင်ခြင်းစသည့် အကြောင်းအရာများကို မဖြူဖြူထွေးက ဖတ်ကြားဆွေးနွေးသည်။
ထို့နောက် အောင်မြင်မှုကိုထိန်းသိမ်းခြင်း၊ အောင်မြင်အောင်လုပ်ခြင်းစသည့်အကြောင်းအရာများကို စာပေချစ်မြတ်နိုးသူမောင်ကောင်းထက်စံကဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်များမှ စာအုပ်ပါအကြောင်းအရာများကိုအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကိုဆောင်ရွက်ပေးခြင်း၊ စာဖတ်ပရိသတ် စာပေဝါသနာရှင်များမှ စာဖတ်သည့်အလေ့အကျင့်အားကောင်းလာစေရန် စာပေမှရရှိသည့်အသိဖြင့် လူအများအားမျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။
မြို့နယ်(ပြန်/ဆက်)