၂၀၂၄ခုနှစ် နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့နယ် ကတိုး၊ ကော့နှပ်၊ ကော်လှာကျေးရွာများသို့ အဝင်လမ်းနှင့်တံတား ဖွင့်ပွဲအခမ်းအနား မွန်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မော်လမြိုင် မတ် ၁၃

၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့နယ် ကတိုး၊ ကော့နှပ်၊ ကော်လှာကျေးရွာများသို့ အဝင်လမ်းနှင့်တံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ် ကော့နှပ်ကျေးရွာလမ်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေနဲ့ မြို့ပြနဲ့ ကျေးလက်၊ ပြည်တွင်းပြည်မ၊ နယ်စပ်ဒေသများပါမကျန် ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်မရှိစေရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ပညာရေး၊ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းတံတားလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့အတွက် နှစ်စဉ်ဘဏ္ဍာငွေများ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့်လမ်း၊ တံတားများသည် မော်လမြိုင်မြို့နယ် ကတိုး၊ ကော့နှပ်၊ ကော့လှာ ကျေးရွာများအပြင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ဂွန်း၊ ဖက်ကဒါ၊ တောင်သူကုန်း၊ ခဒဲ၊ ဘားအွန်၊ ကျုံမနော၊ ကော့ကျိုက်၊ ကော့လာပလ၊ ကော့နိုင်ခလိန် ကျေးရွာများမှ ဒေသခံပြည်သူများလည်း နေ့စဉ်ဖြတ်သန်းအသုံးပြုကြတဲ့အတွက် မိမိတို့ရဲ့ ဒေသခံတိုင်းရင်းသား ညီအစ်ကိုများအတွက် အလွန်ပင်တန်ဖိုးရှိသည့် လမ်း၊ တံတားများဖြစ်ကြောင်း၊ မွန်ပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူများအားလုံး ပြည်ထောင်စုစိတ်ဓာတ်အရင်းခံပြီး ကျရာကဏ္ဍက ဝိုင်းဝန်းကြိုးပမ်းအားထုတ်သွားကြရန်၊ နိုင်ငံတော်ကဘဏ္ဍာငွေများ အကုန်အကျခံတည်ဆောက်ပေးခဲ့သည့် လမ်းတံတားများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ဒေသခံပြည်သူတစ်ဦးမှ ကတ္တရာလမ်းနှင့်ကွန်ကရစ်တံတား ချဲ့ထွင်းတည်ဆောင်မှုအပေါ် ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က မော်လမြိုင်မြို့နယ် ကတိုး၊ ကော့နှပ်၊ကော်လှာကျေးရွာများသို့ အဝင်လမ်းနှင့်တံတားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ကတ္တရာလမ်းအား လှည့်လည်ကြည့်ရှုကာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းဖွင့်ပွဲအခမ်းအနားတွင် မွန်းတိုင်းရင်းသားအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မော်လမြိုင်မြို့နယ်၊ ကော့နှပ်ကျေးရွာ၊ ကော့နှပ်စေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ‌ရေချမ်းများ ကပ်လှူပူဇော်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းကာ ကော့နှပ်ကျေးရွာတွင် ရှေးနှစ်ပေါင်းများစွာက ဆောက်လုပ်လှူဒါန်းထားခဲ့သည့် ရှေးဟောင်းစေတီတော်၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမျှော်ကြည်ညို၍ ရှေးဟောင်းသာသနိက အဆောက်အဦများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)