မတ္တရာ မတ် ၁၃
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရန်နှင့် ကွန်ပျူတာအခြေခံပညာရပ်များကို ကျွမ်းကျင်တက်မြောက်စေရန်ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း(အခမဲ့) ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ထွန်းလှမှ လိုအပ်ချက်များကို ဖြည့်စွက်ပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား(၂၀)ဦးတို့ တက်ရောက်ခဲ့သည်။ အဆိုပါ အခြေခံကွန်ပျူတာသင်တန်းကို ရက်သတ္တ(၃)ပတ်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)