လှည်းကူး မတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် ညကာလများအတွင်း လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေရန်၊ ကျောင်းစာအပြင် ဗဟုသုတများတိုးပွားစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ လှည်ကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယနေ့နံနက် ၉ နာရီ ကဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်း နာယက ဦးကျော်မင်းညွှန့်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် ပန်းချီဆရာ ဦးအောင်ခန့်ဗိုလ်က အခြေခံ ပန်းချီရေးဆွဲနည်း၏ နည်းစနစ်များ အကြောင်းကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကို သင်တန်းဆရာအဖြစ် ဦးအောင်ခန့်ဗိုလ်နှင့် ဦးသက်ဦးတို့က သင်ကြားပို့ချပေးမည်ဖြစ်ပြီး အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို မတ်လ(၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းသို့ သင်တန်းသား/သူ (၂၅)ဦး တက်ရောက်ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)