ရန်ကုန်တိုင်အတွင်း MSME အသေးစားမရွေးလုပ်ငန်း အောင်မြင်လျက်ရှိ

ရန်ကုန် မတ် ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ်ကို ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် ဒေသအလိုက်ထွက်ရှိသည့် အရည်အသွေး ကောင်းမွန်သော ကုန်ချောအမျိုးမျိုးထုတ်လုပ်ပြီး ပြည်တွင်းပြည်ပဈေးကွက်များတွင် တင်ပို့ရောင်းချနိုင်ရန် ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၊ MSME လုပ်ငန်းများ မြောက်များစွာ ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ကိုအောင်မျိုး အမှတ်တံဆိပ်ဖြင့် လိမ္မော်ရနံ့ဆန်ကြာဆံ မရွေးထုတ်လုပ်သည့် အသေးစားစီးပွားရေးလုပ်ငန်းမှာ အောင်မြင်လျက်ရှိပါသည်။

 ကိုအောင်မျိုး အမှတ်တံဆိပ်ဆန်ကြာဆံမရွှေးကို မြန်မာတပြည်လုံးအနှံ့လက်လီလက်ကား ဖြန့်ဖြူးနေကြောင်း သိရှိရပါသည်။ စတင်ထုတ်လုပ်သည်မှ ဖြန့်ဖြူးသည့်အထိ စားသုံးသူများ စိတ်ကျေနပ်မှုရရှိအောင် ထုတ်လုပ်သူအနေဖြင့် ယခုလို ပြောကြားခဲ့ပါသည်။ ပထမဦးဆုံး ဆန်ကြာဆံကုန်ကြမ်းဝယ်ရပါသည်။ ထို့နောက် ကြွပ်အောင်ကြော်ပြီးတော့ ကြော်ပြီးသား ဆန်ကြာဆံတွေကို သကြား၊ ကပ်စေးနှဲတို့ဖြင့် ပြန်ကြော်ကာ ခုံပေါ်မှာဖြန့်ပြီးတော့ လှိမ့်ကာ နှမ်းထည့်ပြီး စပျစ်သီးခြောက်လေးတွေထည့်ပါသည်။ ထို့နောက် ဖြတ်ပြီး စနစ်တကျ ထုတ်ပိုးပြီးတော့မှ ရောင်းချဖြန့်ဖြူးပါသည်။ ကိုယ်စားလှယ် (၅) ဦးနှင့် ဖြန့်ဖြူးပြီး အဆိုပါ ကိုယ်စားလှယ်တွေက City Mart တွေကို အဓိကပို့ပါသည်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ City Mart တွေကို ဖြန့်ဖြူးလျက်ရှိပြီး ကုန်ကြမ်းတွေဝယ်ယူမှုအနေဖြင့် ယခုနောက်ပိုင်း အခြေအနေတွေအရ ဈေးနှုန်းတွေ မြင့်တက်သွား၍ အနည်းငယ်အခက်ခဲရှိလာကြောင်း ပြောကြားခဲ့ပါသည်။

အသေးစားလုပ်ငန်းများနှင့် ပတ်သက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းများ ဆောင်ရွက်ပေးနိုင်သည့် လုပ်ဆောင်ချက်တွေ လုပ်ငန်းရှင်တွေနှင့် ချိတ်ဆက်ပြီး မြို့နယ်မှာ အသေးစားလုပ်ငန်းတွေ ပိုမိုအောင်မြင်အောင် ဆောင်ရွက်ထားသည့် အစီအမံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးကျော်မိုးကြည်က ယခုလို ပြောကြားခဲ့ပါသည်။

MSME လုပ်ငန်းတွေက မြန်မာနိုင်ငံအနှံ့အပြား မြို့တိုင်း၊ ရွာတိုင်းမှာ သူ့နေရာနှင့်သူ ရှိနေကြတာပေါ့။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေနှင့် တချို့လုပ်ငန်းတွေ သိတာလည်း ရှိသလို တချို့ကြတော့ အိမ်တွင်းတစ်ပိုင်တစ်နိုင် သေးသေးလေးတွေနှင့် သူတို့ဈေးကွက်လေး တွေနဲ့သူတို့သွားနေတဲ့လုပ်ငန်းတွေရှိသလို တချို့လုပ်ငန်းတွေကြတော့ ကျွန်တော်တို့ဆီ သတင်းမရောက်ဘဲနဲ့ လွတ်နေတာတွေလဲ ရှိတာပေါ့။ ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်းက MSME လုပ်ငန်းတွေထဲကမှ ဒီကိုအောင်မျိုး မြောင်းမြမရွေးလုပ်ငန်းလေးက ကျွန်တော်တို့မြို့နယ်မှ တည်ရှိပြီး City Mart ကို တင်နိုင်တယ်ဆိုတဲ့ အရည်အချင်းက နည်းတဲ့အရည်အချင်း မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း MSME လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကုန်ချောထုတ်နေတဲ့သူ ဖြစ်တဲ့အတွက် လုပ်ငန်းအခက်အခဲတွေကို နားလည်ပါတယ်။ ဒါကြောင့် ပြန်/ဆက် ဦးစီးဌာနနှင့် ပူးပေါင်းပြီးတော့ MSME လုပ်ငန်းတွေ ရေရှည်ရပ်တည်နိုင်အောင် လုပ်သားတွေလည်း အထိုက်အလျောက် ဝင်ငွေရရှိအောင် မနည်းရုန်းကန်နေရတယ်ဆိုတာကို ကျန်တဲ့စားသုံးသူတွေ၊ နိုင်ငံတော်အကြီးအကဲတွေလဲ သိစေချင်လို့ လစဉ်လေးပုံမှန်ဖော်ထုတ်ပြီး ပြန်/ ဆက်နဲ့ ပူးပေါင်းပြီး ပုံမှန်တင်ဆက်သွားဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ MSME လုပ်ငန်းတွေအတွက် နိုင်ငံတော်က MSME ချေးငွေထုတ်ပေးတဲ့အခါကြရင်လဲ အမှန်တကယ်လိုအပ်နေတဲ့ MSME လုပ်ငန်းရှင် အမှန်အကန်တွေကို ရရှိအောင်ကြိုးစားဖို့လဲ စီစဉ်ဆောင်ရွက်ထားပါတယ်။

အဓိကကတော့ အခုလက်ရှိကာလမှာ အားလုံးသိတဲ့အတိုင်း ကုန်ချောထုတ်တဲ့ အသေးစားအလတ်စား လုပ်ငန်းရှင်တွေက အထွေထွေကုန်ကျစရိတ်က အရင်ကထက် ဈေးတက်လာတယ်၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် လောင်စာဆီဈေးတွေ ကြီးမြင့်မှုကြောင့် သယ်ယူပို့ဆောင်စရိတ်တွေ လိုက်တက်လာတဲ့အပြင် အလုပ်သမားရှားပါးမှုလည်း ဖြစ်လာတယ်။ ပြည်တွင်းမှာ အလုပ်လုပ်နိုင်တဲ့ လူငယ်လူရွယ်အများစုက အသေးစား လုပ်ငန်းရှင်တွေအဖို့ အလုပ်သမားခေါ်ရတာ အတော်ခက်တယ်။ မြေပြင်မှာ တကယ်လုပ်နေတဲ့သူတွေပဲ ဒီအခက်အခဲကိုနားလည်မှာ၊ လူတွေပေါတာပဲရှိတယ်၊ အလုပ်လုပ်ချင် ကိုင်ချင်တဲ့ လူငယ်လူရွယ်တွေက အရမ်းရှားလာတယ်။ ရှားလာတယ်ဆိုတာကလည်း ငွေကြေးဖောင်းပွမှု ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ပေးနိုင်တဲ့ပမာဏထက်ပိုတဲ့ တစ်ဖက်နိုင်ငံတွေမှာ တရားဝင်ရော တရားမဝင်ရော သွားရောက်လုပ်ကိုင်ပြီး ဦးနှောက်ယိုစီးမှုတွေ ငယ်ရွယ်နုပျိုတဲ့ လုပ်သားအင်အားတွေ ကိုယ့်ပြည်တွင်းမှာမရဘဲနှင့် သူများတိုင်းပြည်မှာ ရသွားတာတွေကလည်း အဓိကအချက်ပေါ့နော်။ အဲ့ဒီတော့ ဈေးကွက်မှာ ဝယ်လိုအား တော်တော်လေး ကျသွားတယ်၊ ပြီးခဲ့တဲ့နှစ်နှင့်ယှဉ်လျှင် ဒီနှစ်မှာ ဝယ်လိုအားက ထက်ဝက်နီးပါးလောက် ကျသွားတယ်။ စားသုံးသူမိသားစုတွေကလဲ သူတို့မိသားစုအတွက် မရှိမဖြစ်အရာတွေကိုပဲ ဦးစားပေးနေရတော့ ကျန်တဲ့ကဏ္ဍတွေမှာ လျော့ချလိုက်တဲ့ အပိုင်းတွေလည်း အများကြီး ပါမှာပေါ့နော်။ ဝယ်လိုအားကျသွားတော့ MSME လုပ်ငန်းရှင်တွေက အခုကာလမှာ ရပ်တည်နိုင်ဖို့က တော်တော်လေးအခက်အခဲရှိပါတယ်၊ အဲ့ဒီအခက်အခဲလေးတွေကို နိုင်ငံတော်က သိရှိ ပြီးတော့ ချေးငွေတစ်ခုထဲ ပံ့ပိုးပေးရုံဖြင့် ရပ်တန့်မထားဘဲ ပြည်တွင်းက MSME လုပ်ငန်းတွေ ပြည်တွင်းထုတ်ကုန်တွေ အစဉ်တစ်စိုက် တိုးတက်မြင့်မားချင်တယ်ဆိုရင် ချေးငွေပေးရုံနှင့်တင် မလုံလောက်ပါဘူး။ ကုန်ချောထုတ်တဲ့ ဈေးကွက်တွေကို ဈေးကွက်မှာ ရေရှည်ရပ်တည်နိုင်အောင် နည်းမျိုးစုံနှင့် နောက်ကနေ ပံ့ပိုး‌ပေးဖို့လိုပါတယ်။ ကျွမ်းကျင်ပညာရှင်တွေ ခေါ်ခန့်ပြီး ဈေးကွက်ရှာဖွေရေးတွေ လုပ်ပေးနိုင်ဖို့လိုပါတယ်။ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ လောင်စာဆီတွေ ဈေးနှုန်းမြင့်တက်မှုကြောင့် ဈေးတွေအဆမတန် မြင့်တက်နေတာကို နိုင်ငံတော်အစီအမံအနေနှင့် ဒါတွေကိုထိန်းကြောင်းပြီးတော့ ဈေးနှုန်းတွေချုပ်ထိန်းပြီး ထုတ်လုပ်တဲ့ စက်ရုံနေရာကနေ သုံးစွဲသူတွေ လက်ထဲရောက်တဲ့အထိ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို တိုတိုတုတ်တုတ် အလျင်အမြန်ဆုံးရောက်သွားအောင် လုပ်ပေးနိုင်ဖို့၊ ဒါတွေက နိုင်ငံတော်ဘက်က လုပ်ပေးနိုင်မှ အဆင်ပြေမှာပါလို့ အကြံပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စည်သူမောင်မောင် (ပြန်/ဆက်)