မာန်အောင် မတ် ၁၃
၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၁၁)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ(ဒုတိယနေ့) အင်္ဂလိပ်စာဘာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၄၉၃)ဦးမှ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့စာမေးပွဲစစ်ဆေးခြင်းကို မတ်လ(၁၁)ရက်နေ့မှ(၁၉)ရက်နေ့ထိ တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် နံနက်၉နာရီမှ၁၂နာရီထိ ၃နာရီမေးခွန်းလွှာကို သက်ဆိုင်ရာစာစစ်ဌာနများတွင် စစ်ဆေးလျှက်ရှိရာ စာမေးပွဲကြီးကြပ်ရေးမှူးနှင့် တာဝန်ကျဆရာ၊ ဆရာမများက စနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည်။
မာန်အောင်မြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အ.ထ.ကမာန်အောင်နှင့် အ.ထ.က(ခွဲ)စျေးတန်း စာစစ်ဌာန(၂)ခုရှိပြီး စာစစ်ဌာနများ၌ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၅၂၆)ဦး ရှိသည့်အနက် ဖြေဆိုသူ (၄၉၃)ဦး၊ ပျက်ကွက် (၃၃)ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၇၃)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သိန်းဖေ(ပြန်/ဆက်)