မော်လမြိုင် မတ် ၁၃
(၄၂)ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယ ပရိယတ္တိစာမေးပွဲကို ၁၃၈၅ - ခုနှစ် ၊ တပို့တွဲလဆုတ်(၁၄)ရက်နေ့ မှ တပေါင်းလဆန်း (၄)ရက်နေ့ထိ မော်လမြိုင်မြို့၊ သာသနာ (၂၅ဝဝ) ရာမညဓမ္မဗိမာန်တွင် ကျင်းပပြုလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ လေးထပ်ရာမည သာသနာ့ဗိမာန်တော်ကြီး၌ ရာမညဓမ္မာစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ကြီးမှ စာမေးပွဲကြီး ကျင်းပပြုလုပ်ရသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းမြွက်ကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ကာ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ပရိယတ္တိစာမေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းကုသိုလ်ယူ ဆောင်ရွက်ပေးခဲ့သည်။
(၄၂)ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယ ပရိယတ္တိစာမေးပွဲတွင် မွန်ဘာသာ အခြေပြုမူလတန်းမှ ပါဠိပါရဂူအထိ အတန်း(၇)တန်း၌ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ရှင်သာမဏေများ ၊ ရဟန်းတော်များ စုစုပေါင်း အပါး (၃ဝဝဝ)ခန့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)