သထုံမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် အ‌ခြေခံပိုက်ကျော်ခြင်း သင်တန်းဖွင့်လှစ်

သထုံ မတ် ၁၃

မွန်ပြည်နယ်၊ သထုံခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့၊ မွန်းလွဲ (၂) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ‌ ပြုလုပ်သည့်  နွေရာသီကျောင်းပိတ်ရက်ကာလ အခြေခံ ပိုက်ကျော်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သထုံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက အမှာစကား ပြောကြားပြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ သထုံမြို့နယ်ဦးစီးမှူး ဦးမင်းမင်းရှိန်က လူငယ်များအတွက် ပိုက်ကျော်ခြင်းကစားခြင်း၏ အကျိုးကျေးဇူးများ၊ အခြေခံအချက်များနှင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ကာယဉာဏ စွမ်းရည် ဘက်စုံဖွံ့ဖြိုးတိုးတက်ကာ အနာဂတ်၌ နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးတို့ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြများက အားကစားနှင့်ကာယပညာဦးစီးဌာန၊ သထုံမြို့နယ်မိုးလုံလေလုံအားကစားရုံ၌ သရုပ်ပြသသင်ကြားပေးရာ သင်တန်းသား သင်တန်းသူတို့က စိတ်ပါဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့ကြသည်။အဆိုပါ သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ လူငယ်(၁၅)ဦးတို့ တက်ရောက်ရန် စာရင်း‌ပေးသွင်းထားပြီး အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)