ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်အောင် တာလေမြို့နှင့် ကျိုင်းလပ်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ

တာလေ မတ် ၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်အောင်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့သို့ ရောက်ရှိပြီး မြို့အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ တာလေမြို့နှင့် ကျိုင်းလပ်မြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဉီးစွာ ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိတို့ ဌာနအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် ညွှန်ကြားချက်များ၊ လုပ်ထုံး၊ လုပ်နည်း၊ ဉပဒေ၊ နည်းဉပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်၊ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်ရန်၊ သက်ဆိုင်ရာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရပ်မိ၊ ရပ်ဖများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများအား မပြတ်ထိတွေ့ဆက်ဆံပြီး ဉပဒေဘောင်အတွင်းမှ ကျင့်ကြံနေထိုင်တတ်အောင် စည်းရုံးဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စိတ်ရင်းစေတနာကောင်းဖြင့် ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တာလေမြို့နှင့် ကျိုင်းလပ်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ် (၁၀)သိန်းစီ ထောက်ပံ့ပေးအပ်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)