ရှမ်းပြည်နယ်ဝန်ကြီးချုပ် တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသော နွေရာသီသင်တန်းများဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

တောင်ကြီး မတ် ၁၃

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်စကားပြော၊ ကိုရီးယားစကားပြော၊ စစ်တုရင်နှင့် ပန်းချီသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယနေ့လူထုအခြေပြုဗဟိုဌာန (Community Centre Taunggyi)တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်တန်းဖွင့်လှစ်ပေးခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ အရေအကြီးဆုံး အရင်းအမြစ်ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်ပျိုးထောင်ပေးဖြစ်ပါကြောင်း၊ Community Centre သည် အများပြည်သူများအနေဖြင့် အသိပညာဗဟုသုတများ၊ သတင်းအချက်အလက်များကို အလွယ်တကူ လာရောက်ရှာမှီနိုင်သည့် နေရာတစ်ခုဖြစ်သလို လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ အသိပညာပေးပြပွဲများ လာရောက်ဆောင်ရွက်နိုင်သည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုပြီး လူငယ်ကဏ္ဍကို အလေးထား ထည့်သွင်းချမှတ်ထားပါကြောင်း၊ ယနေ့ လူထူအခြေပြုဗဟိုဌာနတွင် နွေရာသီကာလအတွင်း ဖွင့်လှစ်သည့် သင်တန်းများကို တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းများကို အချိန်မှန်မှန် တက်ရောက်ပေးကြရန်နှင့် သင်တန်းမှ သင်ကြားပေးမည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာ ကြိုးစားလေ့လာသင်ယူကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးညွှန့်ရွှေက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြပြီး နွေရာသီသင်တန်းများအတွက် ထောက်ပံ့ငွေများနှင့် စစ်တုရင်သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပေးအပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးညွှန့်ရွှေမှ လက်ခံရယူပြီး ပန်းချီသင်တန်းအတွက် သင်ထောက်ကူပစ္စည်းများကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ပေးအပ်ရာ ခရိုင်ဦးစီမှူး ဦးနိုင်ဝင်းထွန်းမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လူထုအခြေပြုဗဟိုဌာန Community Centre)ရှိ ဟင်းလင်းပြင်အားကစားနေရာတွင် လူငယ်များလေ့ကျင့်ကစားနေမှု၊ ဂျင်အားကစားခန်းမတွင် လူငယ်လူရွယ်များ ကစားနေမှု၊ သင်တန်းခန်းမတွင် အင်္ဂလိပ်ဘာသာရပ်သင်ကြားနေမှု၊ ကွန်ပျူတာဘာသာရပ် သင်ကြားနေမှု စာကြည့်တိုက်ခန်းမနှင့် ကလေးများ ရောင်စုံပန်းချီ ဆေးရောင်ခြယ်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)