ဟိုပန်၌ ကိုဗစ်-၁၉ ကာလ Home Garden စိုက်ပျိုးနိုင်ရန် သီးနှံမျိုးစေ့၊ မြေဩဇာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ဟိုပန်  နိုဝင်ဘာ        ၄

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ မိမိနေအိမ်၌ ဟင်းသီးဟင်းရွက်သီးနှံများ ကိုယ်တိုင်စိုက်ပျိုးစားသုံးနိုင်ရန်အတွက် ဟိုပန်ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ သီးနှံမျိုးစေ့များနှင့် မြေဩဇာအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဟိုပန်မြို့လယ်အဝိုင်းတွင် ဆောင်ရွက်ခဲ့သည်။

စားဖိုဆောင်သီးနှံများဖြစ်သည့် တိုင်ထောင်ပဲ၊ မုန်ညှင်း၊ ပြောင်းချို၊ ကိုက်လန်၊ နံနံ၊ စမုံစပါး၊ မုံလာဥ၊ စားတော်ပဲစသည့် မျိုးစေ့ထုတ် (၁၂၅၀)ထုတ်နှင့်မြေဩဇာတို့ကို မြို့နယ်ဦးစီးမှူး ဦးချိုလေး၊ ခရိုင်ရုံးဝန်ထမ်းများနှင့် မြို့နယ်ရုံးဝန်ထမ်းများက ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် မြေလုံလောက်စွာမရှိသော အိမ်ခြံဝင်များအတွက် သီးနှံ စိုက်ပျိုးရန် နည်းလမ်းများနှင့် မြေပိုရှိသော အိမ်ခြံဝင်းများအတွက် သီးနှံစိုက်ပျိုးရန်နည်းလမ်းများ ပညာပေးလက်ကမ်းစာစောင်(၅၀၀)နှင့် နှာခေါင်းစည်း (Mask)တို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်