ပင်းတယ မတ် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးလာစေရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ထုပ်ပိုးမှု(Packaging) နည်းပညာသင်တန်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (အခမဲ့) ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းအား မတ်လ ၁၀ ရက်နေ့မှစတင်၍ ကျွမ်းကျင်သော သင်တန်းနည်းပြများဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းသား/သင်တန်းသူ(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဒေသခံပြည်သူများအား ကုန်ကျစရိတ်သက်သာစွာဖြင့် ကုန်ထုတ်လုပ်ငန်းများကို စီးပွားဖြစ်ထုတ်လုပ်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်ကြစေရန်နှင့် ဒေသအတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဖြင့် စီးပွားရေးလုပ်ငန်းများ ထူထောင်သူဦးရေများပြားလာပြီး လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးလာနိုင်ကြစေရန် ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်း မြှင့်တင်ရေးဥပဒေပါအခြေခံမှုများနှင့်အညီ နည်းပညာလွဲကြောင်း သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်လုပ်ကိုင်လိုသည့် ထူးချွန်သင်တန်းသား/ သင်တန်းသူ(၃)ဦးအား ရွေးချယ်၍ ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ရင်းနှီးငွေနှင့် နည်းပညာများထပ်မံလိုအပ်ပါက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)