မက်မန်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

မက်မန်း မတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မက်မန်းမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေအဖွဲ့ဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာများနှင့်ပတ်သက်၍ ပြည်သူများသိရှိရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေပါပြဋ္ဌာန်းချက်၊ ၂၀၁၀ ခုနှစ် ပြည်သူ့စစ်မှုထမ်းဉပဒေ၊ ဉပဒေပြဋ္ဌာန်းခြင်းနှင့် အာဏာတည်ခြင်း၊ ဉပဒေအာဏာတည်ပြီး လက်ရှိဆောင်ရွက်နေမှု၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသူများ၊ ယာယီရွှေ့ဆိုင်းခွင့်ရသူများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းဉပဒေ ရည်ရွယ်ချက်၊ နိုင်ငံတကာတွင် စစ်မှုမထမ်းမနေရစနစ်ကျင့်သုံးသည့် နိုင်ငံများအကြောင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဉမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)တို့က စစ်မှုထမ်းဥဒေနှင့်ပတ်သက်သင့်သည့် အကြောင်းအရာများကို ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စောဉမ္မာ(ခရိုင်၊ ပြန်/ဆက်)