နမ္မတူမြို့နယ်တွင် အသက် (၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အို နာမကျန်းဖြစ်နေသူများအား ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေး အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများ ကောက်ယူ

နမ္မတူ နိုဝင်ဘာ ၄

နမ္မတူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲများ ကောက်ယူခြင်းကို အောက်တိုဘာလ (၂၉) ရက်နေ့မှစတင်၍ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်  ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင်  အသက် (၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အို နာမကျန်းဖြစ်နေသူများအား ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေး  အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများ ကောက်ယူခြင်း ဆောင်ရွက်လျက်ရှိကြောင်း   သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊  သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် အကူကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ မဲရုံလုံခြုံရေး တာဝန်ရှိသူများနှင့်  သက်ဆိုင်ရာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများက နမ္မတူမြို့နယ် အတွင်းရှိ ပန်ဟိုက် ရပ်ကွက် (၉)၊ နမ္မတူရပ်ကွက် နယ်မြေ (၆)နှင့် (၇)၊ လွယ်ပြေးကျေးရွာအုပ်စု၊ နားဆိုင်းကျေးရွာအုပ်စု၊ ချောင်းဆာကျေးရွာအုပ်စုနှင့် မန်လီကျေးရွာအုပ်စုတို့ရှိ အသက် (၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အို နာမကျန်းဖြစ်နေသူများအား ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အိမ်တိုင်ရာရောက် ဆန္ဒမဲများ ကောက်ယူလျက်ရှိသည်။

နမ္မတူမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စု(၂၃)အုပ်စုတွင် မဲရုံပေါင်း (၄၈)ရုံရှိပြီး မဲဆန္ဒနယ်အမှတ် (၁)နှင့် မဲဆန္ဒနယ်အမှတ် (၂)တို့တွင်  အသက် (၁၈)နှစ်ပြည့်ပြီး မဲဆန္ဒရှင်ပြည်သူ (၃၃၆၈၃)ဦးရှိကြောင်း၊ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်ဆန္ဒမဲများကို နိုဝင်ဘာလ (၇)ရက်နေ့အထိ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လာရောက်ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမင်းဇော်ထံမှ သိရသည်။

လူမော် (ပြန်/ဆက်)