ကျောက်ဆည် မတ် ၁၃
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပတ္တာကျေးရွာအုပ်စု၊ အလယ်မြင် စိုင်းရပ်ကွက်ဓမ္မာရုံတွင် အဆိုးဝါးဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက ပြည်သူများအနေဖြင့် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကိုသိရှိနားကြစေလိုကြောင်းနှင့် ကလေးများ၏ အလုပ်လုပ်နိုင်သောအသက်အရွယ်နှင့် အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်စေငမှုများကို သိရှိပြီး ရှောင်ရှားကြစေလိုကြောင်း၊ ကလေးငယ်များအပေါ် ပြစ်မှုကျူးလွန်ပါက အရေးယူနိုင်သော ပြစ်မှုပြစ်ဒဏ်များအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကလေးအလုပ်သမားများသည် ကျန်းမာရေးနှင့်ဘေးကင်း လုံခြုံရေးကိုထိခိုက်စေပြီး ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးကိုထိခိုက်စေခြင်း၊ ပညာရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများကို လက်လှမ်းမှီစေရန် အတားအဆီးဖြစ်စေပြီး ၎င်းတို့၏စီးပွားရေးနှင့် လူမှုရေးဆိုင်ရာလုပ်ဆောင်နိုင်မှု၊ ဘဝနောက်ပိုင်းတွင် တိုးတက်မြင့်မားမှုကို အကန့်အသတ်ဖြစ်စေခြင်း၊ မျိုးဆက်သစ်များ တစ်လျှောက် ဆင်းရဲနွမ်းပါးမှုကို ဆက်လက်ဖြစ်ပေါ်စေပြီး အလုပ်လုပ်ခွင့်ရရှိသော အနိမ့်ဆုံးအသက်သို့ ရောက်ရှိချိန်တွင်လည်း သင့်လျော်ကောင်းမွန်သောအလုပ်ရရှိနိုင်ရန် အဟန့်အတားဖြစ်စေခြင်း၊ အထူးသဖြင့် အားလုံးအတွက် ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့်ပညာရေးတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက် ရေးပန်းတိုင်ကို ရရှိနိုင်ရန်အတွက် အကြီးမားဆုံးသော အဟန့်အတားဖြစ်စေခြင်းစသည့် ဆိုးကျိုးများအကြောင်း ရှင်းလင်းဟောပြောခဲ့သည်။
အခမ်းအနားသို့ ပတ္တာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးမောင်လှနှင့်ရပ်မိရပ်ဖများ ကျေးရွာမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ပြည်သူများတက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် ကျောက်ဆည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက အခမ်းအနားသို့တက်ရောက်လာသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်