ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ််ကြီးနားမြို့ရှိ ပြည်နယ်/ခရိုင်/ မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းများ နှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ဘာသာရေးအဖွဲ့အစည်းများထံ ဆန်၊ ဆီ၊ အခြေခံစားသောက်ကုန် များနှင့် ထောက်ပံ့ငွေများပေးအပ်လှူဒါန်း

မြစ်ကြီးနား မတ် ၁၂

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ဘာသာရေးအသင်းအဖွဲ့များထံ နေထိုင်စားသောက်မှုအဆင်ပြေစေရေး အခြေခံ စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မတ် ၁၂ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့၌ ထောက်ပံ့ပေးအပ်မှုများကို ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့သည် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား အခြေခံစားသောက်ကုန် များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရာတွင် အခက်အခဲ၊စိန်ခေါ်မှုများကို ဖြတ်ကျော် ခဲ့သည့်အတွက် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများ၏ ကြိုးစားဆောင်ရွက်မှုကို အသိ အမှတ်ပြုကျေးဇူးတင်သည့်အနေဖြင့် ဝန်ထမ်းမိသားစုများ၏ နေထိုင်စားသောက်မှုအဆင်ပြေစေရေး အတတ်နိုင်ဆုံး ဖြည့်ဆည်းထောက်ပံ့ပေးခြင်း၊ အားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနအရာထမ်း/ အမှုထမ်းဝန်ထမ်း (၁၁၅)ဦး၊  မြစ်ကြီးနားမူးယစ်ဆေးစွဲရောဂါကုဆေးရုံ၊ ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ဝန်ထမ်း (၃၅)ဦး စုစုပေါင်း ဝန်ထမ်း (၁၅၀)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၇၅) သိန်းနှင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်အိတ်(၈၉)အိတ်၊ ဆီ(၂၂)ပုံး နှင့် ခရမ်းချဉ်သီး၊ မုန်လာထုပ်များကို အသီးသီးထောက်ပံ့ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် မြစ်ကြီးနားမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့သွား‌ရောက်ပြီး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ သို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတာဝန်များအပြင် အရေးပေါ်အခြေအနေများတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုသည့်အနေဖြင့် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း အားပေးပြောကြား သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရှိ အရာရှိ၊ အခြားအဆင့်တပ်ဖွဲ့ဝင်စုစုပေါင်း (၅၂၃) ဦးတို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀၂)သိန်းနှင့် ဆန် အိတ် (၁၂၀)၊ ဆီ (၃၁)ပုံးနှင့် ခရမ်းချဉ်သီး၊ မုန်လာထုပ်များကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ ရဲတပ်ဖွဲ့ဝင်များကိုယ်စား ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးကျော်ထွန်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ထို့နောက် မြစ်ကြီးနားမြို့ ယူနန်ဘုံကျောင်းသို့သွား‌ရောက်ပြီး မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာရေးအသင်းအဖွဲ့များအတွက် ဆန်၊ ဆီနှင့်အလှူငွေများပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဘာသာရေးအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးမိတ်ဆက်တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် ဘာသာရေးလိုပါကြောင်း၊ ထို့အပြင် အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြခြင်း၊ မေတ္တာပြခြင်းအားဖြင့် ပိုမိုတည်ငြိမ်သောအခြေအနေကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း အားပေးပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် ယူနန်ဘုံကျောင်း၊ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများ၊ ဟိန္ဒူဘာသာရေးအဖွဲ့အစည်းများ၊ ဂေါ်ရခါးဓမ္မ ချုပ်နှင့် တရုတ်ဗုဒ္ဓဘာသာယဉ်ကျေးမှု စာသင်ကျောင်းတို့အတွက် အလှူငွေကျပ်စုစုပေါင်း (၁၃) သိန်းနှင့် ဆန်အိတ် (၁၂၀) အိတ်၊ ဆီ(၁၂)ပုံး၊ ခရမ်းချဉ်သီး၊ မုန်လာထုပ်များကို အသီးသီးထောက်ပံ့ပေးအပ် ခဲ့ကြရာ ဘာသာရေးအဖွဲ့အစည်းများအလိုက် ဆုတောင်းမေတ္တာပို့သမှုကို ခံယူခဲ့ကြသည်။

ထိုမှတစ်ဆင့် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်နန်းကျေးရွာအတွင်းရှိ ကချင်ခရစ်ယာန်ဓမ္မတက္ကသိုလ်၌ ဓမ္မတက္ကသိုလ်ကျောင်းအုပ်၊ ဓမ္မအမှု‌‌ဆောင်သိက္ခာတော်ရ ဆရာ/ ဆရာမများနှင့် ရင်းရင်းနှီးနှီး သွား‌ရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုလို လှည့်လည်တွေ့ဆုံပြီး ထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဓမ္မတက္ကသိုလ်အတွက် အလှူငွေကျပ်သိန်း (၅၀) နှင့် ဆန်အိတ် (၅၀) အိတ်၊ ဆီ (၅)ပုံး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ် သိက္ခာတော်ရဆရာ ဒေါက်တာဇင်ဟန်လတ်နောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်ပေးခဲ့သည်။

ထို့အတူ အဆိုပါအခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းများကို ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က မွန်းလွဲပိုင်းတွင် သမိဒ္ဓေါဒယသီလရှင်ကျောင်း တိုက်အသစ်နှင့် အဟောင်းတို့အတွက် အလှူငွေကျပ်သိန်း (၂၀) ၊ ဆန်အိတ် (၂၀) အိတ်၊ ဆီ (၂) ပုံးနှင့် ခရမ်ချဉ်သီး၊ ဂေါ်ဖီထုပ်များကို သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)