မိုးမိတ်မြို့နယ် ကျေးရွာအုပ်စုများ၌ မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

မိုးမိတ်    နိုဝင်ဘာ    ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ကျေးရွာအုပ်စုအသီးသီးရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေများအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဇော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုင်းမင်းမင်းထွေး တို့နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးစဉ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရွေးကောက်ပွဲ ကျင်းပနေစဉ်ကာလအတွင်း မီးဘေးလုံခြုံမှုရှိစေရေးအတွက် မဲရုံများတွင် မီးသတ်ဆေးဘူးများထားရှိခြင်း ရှိ /မရှိ မဲဆန္ဒရှင်ပြည်သူများ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုတို့ကို  စစ်ဆေးခဲ့ကြကြောင်းသိရသည်။

မိုးမိတ်သား(စည်သူဌေး)