၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မြစ်ကြီးနားခရိုင်အတွင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၇၁၇) ဦး ဝင်ရောက် ဖြေဆို

မြစ်ကြီးနား မတ် ၁၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ်အား စတင်‌ဖြေဆိုရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း၌ စာစစ်ဌာန (၇) ခုဖြင့် စီစဉ်ကျင်းပလျက်ရှိပြီး မြို့နယ်အသီးသီးမှ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၇၁၇) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြစ်ကြီးနားခရိုင်အတွင်းမှ ဖြေဆိုရန်စာရင်းရှိသူ (၁၇၉၄) ဦးရှိပြီး မြစ်ကြီးနားမြို့နယ်မှ ကျောင်းသား/ကျောင်းသူ (၁၃၂၅) ဦး၊ ဝိုင်းမော်မြိုနယ်မှ ကျောင်းသား/ကျောင်းသူ (၃၉၂) ဦး၊ စုစုပေါင်း (၁၇၁၇) ဦးဝင်ရောက်ဖြေဆိုကြောင်းနှင့် ပျက်ကွက်သူစုစုပေါင်း (၇၇) ဦးရှိ၍ ဖြေဆိုမှု ရာခိုင်နှုန်း (၉၅ ဒဿမ ၇၁) ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။

ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒုတိယအဆင့်အထိ အောင်မြင်မှုရရှိခဲ့ပြီး ယခုပညာသင်နှစ်တွင်လည်း အောင်ချက်ရာခိုင်နှုန်းမြင့်မားစေရေး ဆွေးနွေးပွဲများကို မြို့နယ်အသီးသီးတွင် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယော်ဆောင် (ပြန်/ဆက်)