လယ်ဝေးမြို့နယ်၌ တတိယအကြိမ် ပါဠိပထမပြန်စာအောင်ဆုချီးမြှင့်ခြင်းနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

လယ်ဝေး မတ် ၁၂

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ တတိယအကြိမ် ပါဠိပထမပြန်စာအောင်ဆုချီးမြှင့်ခြင်း၊ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ချမ်းမြေ့ရိပ်သာဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် သရက်တော ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကုမာရမထေရ်မြတ်ထံမှ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် အလှူရှင်များက ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ နေပြည်တော်၊ တိုင်းသာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များက ၂၀၂၃ ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ၌ လယ်ဝေးမြို့နယ် စာဖြေဌာနမှ အောင်မြင်တော်မူကြသော စာအောင်သံဃာနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် သရက်တောကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ လယ်ဝေးမြို့နယ်၏ ၂၀၂၃-ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် ဓမ္မာစရိယ တစ်ပါး၊ ပထမလတ် ၇ ပါး၊ ပထမငယ် ၃၀ ပါး၊ အခြေပြုမူလတန်း ၆၅ ပါးအောင်​မြင်ခဲ့ပြီး စာအောင်ဆုနှင်းသဘင်တွင် စုစုပေါင်း အလှူငွေကျပ် ၄၇၉၀၀၀၀ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)