နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ Grade-12 ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုနေမှုအား ကြည့်ရှုအားပေး

နေပြည်တော် မတ် ၁၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စနစ်သစ်ပညာရေး၏ အထက်တန်းအဆင့် နောက်ဆုံးအရည်အချင်းစစ်စာမေးပွဲဖြစ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ Grade-12 ကို ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ပေးလျက်ရှိသည့် အခန်းတာဝန်ကျကြီးကြပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထောက်အကူပြုအဖွဲ့များအား တွေ့ဆုံပြီး ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲဖြေဆိုသူနှင့် စာမေးပွဲလုပ်ငန်းများအနှောင့်အယှက်မဖြစ်စေရေး ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ စာမေးပွဲကို စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အောင်မြင်အောင် ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စာစစ်ဌာနစုစုပေါင်း ၄၇ ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၈၆၇၆ ဦး စာရင်းပေးသွင်းကြပြီး ၈၄၂၂ ဦး ဝင်ရောက်ဖြေဆိုရာ ရာခိုင်နှုန်းအားဖြင့် ၉၇ ဒသမ ၀၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်းကျေးရွာအုပ်စု၊ ရာဇဌာနီလမ်းဘေးရှိ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းနေကြာစံပြစိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်တွင် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံရာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှတိုင်းဦးစီးမှူး ဦးဝင်းထိန်က နေပြည်တော်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးမှု အခြေအနေများ၊ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များသုံးစွဲရေး၊ မြေကိုစနစ်တကျပြုပြင်သုံးစွဲရေး၊ စိုက်ပျိုးရေစနစ်တကျသုံးစွဲရေး၊ စိုက်နည်းစနစ်များ မှန်ကန်စွာအသုံးပြုရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ထို့အပြင် သီးနှံများအထွက်နှုန်းတိုးတက်ရေးအတွက် သီးထပ်စိုက်ပျိုးမှုများ တိုးချဲ့စိုက်ပျိုးကြရမှာဖြစ်ကြောင်း၊ မြေများကို အကျိုးရှိစွာအသုံးချပြီး သီးထပ်စွမ်းအားတိုးမြှင့်ရေး၊ သုံးသီးစိုက်ပျိုးနိုင်ရေး၊ ဒေသတွင်းစားသုံးဆီဖူလုံစေရေးတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားပြီး တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက နွေနှမ်းသီးနှံစိုက်ပျိုးမည့် တောင်သူများအား နှမ်းမျိုးစေ့များနှင့် သဘာဝမြေဩဇာများကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် နေကြာစံပြစိုက်ခင်းနှင့် ပြောင်းစိုက်ခင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာအုပ်စု၊ ကံလှကွက်သစ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ခိုင်ခံ့စေရေး၊ လမ်းဘေးဝဲ/ယာလမ်းပုခုံးသားများကို သတ်မှတ်အဆင့်ပြည့်မီအောင် ဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)