ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို စာစစ်ဌာန (၃) ခု၌ ကျောင်းသား/ ကျောင်းသူများ ဖြေဆို

ကျိုက်ထို မတ် ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို စာစစ်ဌာန (၃) ခုတွင် ယနေ့နံနက်ပိုင်းက ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ကို ကျိုက်ထိုမြို့နယ်ရှိ အ.ထ.က (၁)၊ အ.ထ.က (၂)၊ သိမ်ဇရပ်မြို့ရှိ အ.ထ.က (သိမ်ဇရပ်) စာစစ်ဌာနတို့၌ ဖြေဆိုရန် စာရင်းသွင်းထားသူ ကျား (၂၀၀) ဦး၊ မ (၂၉၀) ဦး၊ စုစုပေါင်း (၄၉၀) ဦးအနက် လာရောက်ဖြေဆိုသူကျား (၁၈၂) ဦး၊ မ(၂၇၉)ဦး၊ စုစုပေါင်း (၄၆၁) ဦးရှိ၍ ပျက်ကွက်သူ ကျား (၁၈) ဦး၊ မ (၁၁) ဦး စုစုပေါင်း (၂၉) ဦးရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၄.၀၈) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပလျက်ရှိသည့် စာစစ်ဌာနများအား နယ်မြေခံတပ်နယ်မှူး ဗိုလ်မှူးကြီး ထင်လင်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာ‌ရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေကြားနိုင်ရန် လိုအပ်သည်များကို ကူညီ‌ဆောင်ရွက်ပေးကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)