ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ပုဗ္ဗသီရိ မတ် ၁၂

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ စာရေးဆရာ အောင်သင်းရေးသားသော စာရိတ္တမာနစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ စိန်ဝင်းနွယ်(ဘာသာပြန်)က လူငယ်တွေအနေနဲ့ ပတ်ဝန်းကျင်ကိုနှစ်သက်လာခြင်း ဖြစ်လာအောင်၊ မေတ္တာဓာတ်အင်အားကောင်းလာအောင်နှင့် စိတ်ဆိုး၊ စိတ်ညစ်တို့ကို အားနည်းသွားအောင် လုပ်ရမည်ဟုလည်းကောင်း၊ (Book Club)အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ  ရဲမွန်ကျော်က လူငယ်လေးတစ်ယောက်၏ အကျင့်စာရိတ္တအကြောင်းကိုအခြေခံပြီး လူငယ်တွေအနေဖြင့် အကျင့်စာရိတ္တနှင့်ပတ်သက်ပြီး မာနထားသင့်ကြောင်း၊ စာရေးဆရာ ဘုန်းရဲနိုင်(ဂန့်ဂေါ)က လူငယ်တွေအနေဖြင့် မိမိကိုယ်ကိုပဲမကြည့်ပါနဲ့ ပတ်ဝန်းကျင်ကိုလည်း ကြည့်သင့်ကြောင်း၊ စာရေးဆရာ နွေဦးကိုကိုက စာရိတ္တဆိုတာအကျင့်တရား၊ ကိုယ်ကျင့်တရားကို ကြေးမုံမှန်ကိုကြည့်၍ လေ့ကျင့်ခြင်းသည် မှားသောမာနဖြစ်ပါကြောင်း၊ စာရေးဆရာ မောင်ရည်ကျော်(ရူပ)က လူငယ်တွေကို လက်ဆင့်ကမ်းပေးသော ပညာအမွေကို ရွှေလက်ဖြင့်ယူပါ၊ မှားမှာမကြောက်ပါနဲ့ ကိုယ်အလှည့်ကျရင်လည်း နောင်လူငယ်တွေကို ရွှေလက်နှင့် လက်ဆင့်ကမ်းနိုင်အောင် ကြိုးစားသင့်ပါကြောင်းနှင့် စာရေးဆရာ မချယ်ချယ်(YU)က အရင်းအနှီးဆိုတာ အမျိုးမျိုးရှိရာ၊ ငွေကြေးအရင်းအနှီး၊ သယံဇာတအရင်းအနှီး၊ အတတ်ပညာအရင်းအနှီးတို့တွင် ရိုးဖြောင့်မှုအရင်းအနှီးကို မည်သူမဆိုရယူနိုင်ပါကြောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ လစဉ်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။   

သန်းသန်းနွယ်(ပုဗ္ဗ)