နောင်ချိုမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

နောင်ချို မတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့အဝင်စစ်ဆေးရေးဂိတ်နှင့် လူစည်ကားရာနေရာများသို့ လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့အဝင်စစ်ဆေးရေးဂိတ်နှင့် လူစည်ကားရာနေရာများတွင် သွားလာလှုပ်ရှားနေသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် ပြည်သူများကို ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးရှင်းလင်းခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့ဝင်များကလည်း မိမိတို့သက်ဆိုင်ရာ ကျေးရွာများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)