မိုင်းယန်း မတ် ၁၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားလျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ဆွေးနွေးကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးဆိုင်ရာ အကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် မြို့နယ်ရဲစခန်းမှူး ဒုရဲမှူးမျိုးမင်းလတ်က ကလေးသူငယ်များ၏ အခွင့်အရေး ဆုံးရှုံးနစ်နာမှုဆိုင်ရာအကြောင်းရင်းများ၊ ကလေးအလုပ်သမားဆိုင်ရာ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များစသည့်အကြောင်းအရာများဖြင့်လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်မျိုးဦးက ကလေးသူငယ်များအပေါ် မတရားညင်းပန်းနှိပ်စက်မှု၊ အဓမ္မခိုင်းစေမှုနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ချမှတ်နိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်၊ ငွေဒဏ်များစသည့် အကြောင်းအရာများကို ဆွေးနွေးကြရာ တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ မြို့နယ်ရဲစခန်းမှူး ဒုရဲမှူး မျိုးမင်းလတ်၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်မျိုးဦး၊ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မိုင်းယန်းလူငယ်အသင်းအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို ပြသခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး