သီပေါ နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မှ ရန်ကုန်မြို့သို့ ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများတွင် သွားရောက်ပူးပေါင်းပါဝင် ကူညီမည့် ကြက်ခြေနီ တပ်ဖွဲ့ဝင် (၅)ဦးအား ချီးကျူးဂုဏ်ပြုခြင်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ထောက်ပံ့ငွေများပေးအပ်ပွဲတွင် မြို့နယ်ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးက ကိုဗစ်−၁၉ရောဂါနှင့် ပတ်သက်၍ ကြက်ခြေနီ တပ်ဖွဲ့ဝင် (၅)ဦးအား မိမိတို့၏ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်နှင့် ပရဟိတစိတ်ဖြင့် သီပေါမြို့နယ်ကိုယ်စား သွားရောက်ကူညီမှုကို မြို့နယ်အနေဖြင့် များစွာဝမ်းသာဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တစ်ဦးလျှင် ထောက်ပံ့ငွေ(၅)သောင်းကျပ်စီ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ (၁)သိန်းစီ၊ မြို့နယ်ကြက်ခြေနီ အမှုဆောင်များမှ (၅)သောင်းကျပ်စီနှင့် သီပေါမြို့နေ ပြည့်ဖြိုးအောင်ဆီဆိုင်မှ ဦးစောနိုင်၊ ဒေါ်နန်းမြင့်မြင့် မိသားစုမှ(၂)သောင်းကျပ်စီကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)