မိုင်းဖြတ်၌ အိတ်ချ်ပီဗီ၊ ဆုံဆို့နာနှင့် ပိုလီယိုကာကွယ်ဆေး ထိုးနှံပေး

မိုင်းဖြတ် နိုဝင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြိုနယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက်တစ်နှစ်ခွဲမှ ဆယ့်ငါးနှစ်အောက်၊ အသက်ကိုးနှစ်၊ ဆယ်နှစ် ကလေးငယ်များကို   အိတ်ချ်ပီဗီ၊ ဆုံဆို့နာ၊ ပိုလီယိုထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉နာရီအချိန်ခန့်က စျေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ အမီလိုက်ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းခင်ပပကျော်ဦးစီး၍ သူနာပြုဆရာများက စျေးတန်းရပ်ကွက်ရှိ  အသက်ကိုးနှစ်မှ ဆယ်နှစ်ကလေးငယ် ၁၀ ဦးကို အိတ်ချ်ပီဗီကာကွယ်ဆေး(ပထမ) အကြိမ်နှင့် အသက်တစ်နှစ်ခွဲမှ ဆယ့်ငါးနှစ်အောက်ကလေးငယ် ၂၁၈ဦးကို (တတိယ)အကြိမ် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ဆုံဆို့နာကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ    (အိတ်ချ်ပီဗီ)ကာကွယ်ဆေးကို အောက်တိုဘာလ ၂၁ ရက်နေ့က (ပထမ)အကြိမ်အဖြစ် စတင်ထည့်သွင်းထိုးနှံပေးခဲ့ပြီး ယခုစျေးတန်း ရပ်ကွက်မှ ကလေးငယ်၁၀ဦးသည် ဒုတိယအကြိမ်ထိုးနှံပေးခဲ့သည့် အမီလိုက်ကာကွယ်ဆေးနှင့် ၂၈ ရက်ခြား ထိုးနှံပေးရသည့်အတွက် (အိတ်ချ်ပီဗီ)ကို ယခုမှ စတင်ထိုးနှံပေးရခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)