မိုင်းကိုင်မြို့နယ် ရဲစခန်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

မိုင်းကိုင် မတ် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်  အရန်မီးသတ်တပ်ဖွဲ့တို့က ပူးပေါင်း၍  ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများသို့ တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွှဲပိုင်းက မိုင်းကိုင်မြို့မရဲစခန်း၌ အသိပညာကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုင်းစံထွန်းက မီးသတိပြုရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောဆောင်ရွက်ပြီး မြို့မရဲစခန်းအတွင်း ရုံးခန်း၊ အချုပ်ခန်း၊ နေအိမ်လိုင်းခန်းများတွင် အသုံးပြုသည့် လျှပ်စစ်ဝါယာကြိုးများနှင့် လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများ ချို့ယွင်းမှုကြောင့်မီးလောင်ကျွမ်းမှုများ မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူး စနစ်တကျပြင်ဆင်ထားရှိမှု (လေပေါင်) ရှိ/မရှိ စစ်ဆေးခြင်း၊ မီးချိတ်မီးကတ်၊ သဲပုံးရေပုံးထားရှိမှု၊ မီးသတ်ရေကန်များတွင် ရေများဖြည့်ဆည်းထားရှိမှုတို့ကို  စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့်အဖွဲ့သည် မီးသတ်ဆေးဗူးအသုံးပြုနည်း၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြသကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းနှင့် ရဲအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏မိသားစုဝင်များနှင့်အတူ မီးဘေးလက်တွေ့သရုပ်ပြငြှိမ်းသတ်ခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

ချော(မိုင်းကိုင်)