ပျဉ်းမနားမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ

ပျဉ်းမနား မတ် ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့မဈေး (ပျဉ်းမနား) ၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ နေပြည်တော်တိုင်းမီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး  ဦးမြတ်သီဟ၊ ပျဉ်းမနားခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းမင်းထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဈေးသူ၊ ဈေးသားများနှင့် ရပ်ကွက်/ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အခမ်းအနားတွင် ဆောင်ရွက်ခြင်းဖြစ်ပြီး နေပြည်တော်တိုင်းမီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး  ဦးမြတ်သီဟ လုံခြုံကာကွယ်ရေး အသိပညာပေးဆွေးနွေးရခြင်း ရည်ရွယ်ချက်များ၊ မီးလောင်မှုအခြေခံ သဘောတရားများ၊ မီးငြှိမ်းသတ်ခြင်းစနစ်များ၊ မီးအတန်းအစားခွဲခြားခြင်းများ၊ လျှပ်စစ်မီးလောင်မှုဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ လျှပ်စစ်ဝါယာလျှော့မဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းများ၊ မီးကိုမပေါ့ဆကြရန်နှင့် မီးလောင်ပါက ပစ္စည်းဆုံးရှုံးမှုသာမက အသက်အိုးအိမ်များပါ ပျက်စီးဆုံးရှုံးတတ်ကြောင်း၊  ရပ်ကွက်/ကျေးရွာနေပြည်သူများ မီးလန့်မှုနှင့် မီးလောင်မှုဖြစ်ပွားသည့် အခြေအနေများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း (Fire Drill) အား ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ညွှန်ကြားရေးမှူး ဦးမြတ်သီဟ၏ ကြီးကြပ်ကွတ်ကဲမှုဖြင့် ပျဉ်းမနားမြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သူရကျော်ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ စုစုပေါင်းမီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း လေ့ကျင့်မှုများအဖြစ် ရိုးရိုးမီး၊ ဆီမီး၊ Gas မီးလောင်မှုများကို လက်တွေ့ငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး၊ မီးသတ်ပိုက်ဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသ၍ လက်တွေ့ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)