မိတ္ထီလာ မတ် ၁၂
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသူ/ကျောင်းသားများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အမှတ် (၉၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့ စု (မိတ္ထီလာ)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးနှင့် တပ်ဖွဲ့ဝင်များက နေ့စဉ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းမှာရှိတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပတဲ့ စာစစ်ဌာနများဖြစ်တဲ့ အထက(၁)၊ အထက(၂)၊ အထက(၃) ၊ အထက(၄)၊ အထက(၅)၊ ရှမ်းတဲ ၊ အထက (တောမ)နဲ့ အထက (ရေဝေ) ကျောင်းတွေအားလုံးအား အဝေးပြေးကားလမ်းမကြီးတွေ ဘေးမှာပဲ တည်ရှိတာဖြစ်လို့ စာမေးပွဲ လာရောက်ဖြစ်ဆိုတဲ့ ကျောင်းသူ/ကျောင်းသားတွေ ယာဉ်မတော်တဆ ထိခိုက်မိတာမျိုးမရှိအောင်၊ ယာဉ်လမ်းစည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းတွေကို အမှတ် (၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မိတ္ထီလာ) တပ်ဖွဲ့ဝင်တွေက နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လမ်းမကျဉ်းမြောင်းပြီး မြို့တွင်းဧရိယာထဲပါတဲ့ အထက (၂)လို ယာဉ်ဖြတ်သန်း သွားလာမှုပိုများတဲ့ စာစစ်ဌာနလိုနေရာမျိုးမှာဆို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ဦးရေ ပိုမိုချထားပြီး ကျောင်းသူကျောင်းသားတွေ ယာဉ်အန္တရာယ်ကင်းရှင်းရေးကို ဆောင်ရွက်ပေးနေပါ တယ်ဟု အဆိုပါ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသည့် ကျောင်းသူကျောင်းသားများအတွက် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအပြင် ၎င်းတို့၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရေးတို့အတွက် တာဝန်ရှိသူများက သက်ဆိုင်ရာ စာမေးပွဲကြီးကြပ်ရေးကော်မတီအဖွဲ့ခွဲများဖြင့် နေ့စဉ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချမ်းသာ