ပျော်ဘွယ် မတ် ၁၂
ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာမ အေးဖြူ ရေးသားသည့် “စိတ်ခွန်အားဖြည့်သုတစာစုများ” စာအုပ်မှ “ပန်းပျိုးလက်များ” အကြောင်းအရာကို ဖတ်ရှုကာ မိမိတို့၏ အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးကြသည်။
စာပေဝါသနာရှင်များက ယခုစာအုပ်တွင် စာရေးဆရာမသည် မိခင်များ၏အရေးကြီးသော အခန်းကဏ္ဍကို လမ်းညွှန်ထားခြင်းဖြစ်ပါကြောင်း၊ မိခင်တိုင်းသည် သားသမီးများကို ဦးစွာ ပြုစုပျိုးထောင်ရသူများဖြစ်ခြင်းကြောင့် ကျန်းမာစွာနေထိုင်ခြင်းသည် အဓိက အချက်ဖြစ်ပါကြောင်း၊ သို့မှသာ သားသမီးများကို စိတ်ဓာတ်ကောင်းမွန်ရေး၊ ပညာရေးကို လိုလားစွာ သင်ယူစေခြင်း စသည်တို့ကို လမ်းညွှန်ထားသော အကြောင်းအရာများဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
မင်းမင်းထွေး(ပျော်ဘွယ်)