မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၃၆ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့၍ ဒေသခံပြည်သူ ၃၁၅၄၇ ဦးတို့အား အကျိုးပြုလျက်ရှိ

မိတ္ထီလာ မတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၃၆ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့၍ ဒေသခံ ပြည်သူ ၃၁၅၄၇ ဦးတို့အား အကျိုးပြုလျက်ရှိကြောင်း   ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် ကျေးရွာအုပ်စု ၃၆ အုပ်စု ကျေးရွာ ၃၆ ရွာတွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း ၅၄၀၊ ပြည်သူထည့်ဝင်ငွေ ကျပ်သန်း ၂၁၆.၈၇၊ စုစုပေါင်း ငွေကျပ်သန်း ၇၅၆.၈၇ ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ဂျင်းခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စက် တပ်ဆင်ခြင်းလုပ်ငန်းတို့ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာမြို့နယ်တွင် ကျေးရွာ ၁၄ ရွာ ၊ မလှိုင်မြို့နယ်တွင် ၈ ရွာ ၊ သာစည်မြို့နယ်တွင် ၈ ရွာနှင့် ဝမ်းတွင်းမြို့နယ်တွင် ၆ ရွာတို့တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကွန်ကရစ်လမ်း အရှည် ၅/၁မိုင်၊ ဂျင်းလမ်းအရှည် ၄/၃ မိုင်နှင့် ရေသန့်စင်စက် ၈ လုံးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အဆိုပါ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ကျေးရွာ ၃၆ ရွာရှိ အိမ်ခြေ ၆၃၁၃၊ လူဦးရေ ၃၁၅၄၇ ဦးတို့အား အကျိုးပြုလျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)