နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် မတ် ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသထွက်မူရင်းကုန်ကြမ်းများကို ထုတ်ကုန်အမျိုးအစားများအလိုက် လေ့လာဖော်ထုတ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဆောင်ရွက်စေလိုကြောင်း၊ ပြည်တွင်းထုတ်ကုန် အားပေးမြှင့်တင်ရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်တိုးမြှင့်ဆောင်ရွက်နိုင် ရေးတို့အတွက် မြေပြင်တွင် အမှန်တကယ် လုပ်ကိုင်နေသည့်လုပ်ငန်းရှင်များ၊ ရင်းနှီးမတည်ငွေများကို တစ်ကယ်အကျိုးရှိရှိ အသုံးချမည့်လုပ်ငန်းရှင်များ ဖြစ်စေရေး စိစစ်ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ MSME ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့မှ ငွေထုတ်ချေးပေးမည့် MSME ချေးငွေ စိစစ်လက်ခံရရှိမှုများနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရသင့်ရထိုက်သည့်လုပ်ငန်းများကို ရရှိစေရေးအတွက် စနစ်တကျစိစစ်၍ အချိန်မီဆက်လက်တင်ပြဆောင်ရွက်စေလိုကြောင်း၊ MSME ရန်ပုံငွေမှ ထုတ်ချေးပေးမည့်ချေးငွေများ ရရှိနိုင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန် ဦးစားပေးအမယ်များအဖြစ် အောင်မြင်အောင် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် Work Plan တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် MSME အေဂျင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း က နေပြည်တော်တွင် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော် MSME အေဂျင်စီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးနှင့် အဖွဲ့ဝင်များက MSME ချေးငွေများနှင့်ပတ်သက်၍ စိစစ်လက်ခံရရှိမှုအခြေအနေများ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများ၊ MSME ချေးငွေ စိစစ်လက်ခံထားရှိမှုအခြေအနေများ၊ နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန် ဦးစားပေးအမယ်များ အောင်မြင်အောင် ဆောင်ရွက်မည့် လုပ်ငန်းစဉ် Work Plan ရေးဆွဲထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုအခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)