သထုံခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အ‌ခြေခံ ဂျူဒိုသင်တန်း ဖွင့်လှစ်

သထုံ မတ် ၁၂

မွန်ပြည်နယ်၊ သထုံခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့၊ မွန်းလွဲ (၃) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ‌ နွေရာသီ အခြေခံ ဂျူဒိုသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သထုံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက အမှာစကား ပြောကြားပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြ ဒေါ်အေးငြိမ်းအောင်က လူငယ်များ မိမိကိုယ်ကို ကာကွယ်နိုင်စေရန်နှင့် ကာယဥာဏစွမ်းရည် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး အနာဂတ်၌ နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ကာ သင်တန်းကို စီစဉ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် သင်တန်းနည်းပြများက ဂျူဒိုပညာရပ်၏ အခြေခံများကို သရုပ်ပြသကြရာ သင်တန်းသား၊ သင်တန်းသူတို့က စိတ်ပါဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့ကြသည်။

အဆိုပါ သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ လူငယ် (၃၀) ဦးတို့ တက်ရောက်ကြပြီး အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကာ ငါးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)