မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက် ဂေါက်ကွင်းမြေနှင့် သာသနာဗိမာန်မြေ ကမ်းထိန်းတာတမံဖွင့်ပွဲ တက်ရောက်

ပခုက္ကူ မတ် ၁၂

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၄၈၆ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက် ဂေါက်ကွင်းမြေနှင့် သာသနာဗိမာန်မြေ ကမ်းထိန်းတာတမံဖွင့်ပွဲ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

ပထမဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တာဝန်ရှိသူများသည် နံနက်ပိုင်းက ပခုက္ကူမြို့၊ အမှတ် (၁) ရပ်ကွက် ဂေါက်ကွင်းမြေနှင့် သာသနာဗိမာန်မြေ ကမ်းထိန်းတာတမံဖွင့်ပွဲသို့ ရောက်ရှိကာ မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ကမ်းထိန်းတာတမံတည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်က ပြန်လည်ဖြည့်စွက်မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က (၇၉) နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပခုက္ကူမြို့၊ အမှတ်(၁) ရပ်ကွက်ဂေါက်ကွင်းမြေနှင့် သာသနာဗိမာန်မြေ ကမ်းထိန်းတာတမံဖွင့်ပွဲ ဂုဏ်ပြုအမှာစကားပြောကြားရာ အမှတ် (၁) ရပ်ကွက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးကြီး မြင့်ရွှေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်တို့က ပခုက္ကူမြို့၊ အမှတ်(၁) ရပ်ကွက်ဂေါက်ကွင်းမြေနှင့် သာသနာဗိမာန်မြေ ကမ်းထိန်းတာတမံမုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ကမ်းထိန်းတာတမံတည်ဆောက်ပြီးစီးမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးခြင်း၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ကျောက်ကပ်ဝေဒနာရှင်များအား ဆေးဝါးကုသဆောင်ရွက်ပေးနိုင်မှုအခြေအနေနှင့် အောက်ဆီဂျင်စက်ရုံမှ ပုံမှန်လည်ပတ်ဆောင်ရွက်ပေးနိုင်မှုအခြေအနေ တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦး ဦးစီး၍ အထူးကုဆရာဝန် ကြီးများနှင့်ကျန်းမာရေးဝန်ထမ်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပခုက္ကူမြို့၊ ပြည်သာယာခန်းမ ပြန်လည်မွမ်းမံတည်ဆောက်မည့်လုပ်ငန်းအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းနှင့် တာဝန်ရှိသူများ၏ လုပ်ငန်းလျာထားစီမံချက် ရှင်းလင်းတင်ပြမှုများအပေါ် ပြန်လည်ဖြည့်စွက် လမ်းညွန်မှာကြားခဲ့ကြောင်းသိရသည်။

ဘာမီသာ(ပခုက္ကူ)