ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ ပန်းချီနှင့် ပုံတူပန်းချီပြိုင်ပွဲများ ကျင်းပ

ရန်ကုန် မတ် ၁၂

 ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ  အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် ဥာဏ်ရည်၊ ဥာဏ်သွေး မြင့်မားစေရန် ရည်ရွယ်၍ ပန်းချီနှင့် ပုံတူပန်းချီပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပသည်။

ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲများအား အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊တတိယဆုမ်ား ရရှိခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံးအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာများရရှိစေရန်အတွက် ပြိုင်ပွဲများနှင့် သင်တန်းများ  ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)