မလှိုင်မြို့၌ လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိပဲ ကျူးလွန်ဆောင်ရွက်မှုများအား စံပြုလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ အသိပေးရှင်းလင်း

မလှိုင် မတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိပဲ ကျူးလွန်ဆောင်ရွက်မှုများအား စံပြုလုပ်ထုံး လုပ်နည်းများနှင့်အညီ အဂတိတရား ကင်းရှင်းစွာဖြင့် ဆောင်ရွက်နိုင်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဇေယျာအောင်သံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားရာတွင် လယ်ယာမြေများ ပေါ်တွင် ခွင့်ပြုချက်မရှိပဲ ကျူးလွန်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် မတိုင်မီနှင့် ၂၀၁၂ခုနှစ် နောက်ပိုင်း ကျူးလွန်မှု အခြေအနေများအား စံပြုလုပ်ထုံး လုပ်နည်းများကို (၁၄.၂.၂၀၂၄) နေ့တွင် ထုတ်ပြန်ထားပြီးဖြစ်၍ စာရင်းမကျန်ရှိစေရန် အဂတိတရား ကင်းရှင်းစွာဖြင့် လူနေအိမ်၊ ဘာသာသာသနာ ၊ အစိုးရဌာနအဖွဲ့အစည်း၊ ပုဂ္ဂလိက၊ စီပွားရေးစာရင်းများ ခွဲခြားကောက်ယူရာတွင် အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ယင်းနောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုမှ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိပဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို နောက်ထပ်မံ မဖြစ်ပွားစေရေး အတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်ရမည့် စံပြုလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ အခန်းပေါင်း (၉)ခန်း၊ အပိုဒ်ပေါင်း(၂၄)ပိုဒ်တို့အား ပါဝါပွိုင့်ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မြေပြင် ကွင်းဆင်းစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ရပ်ကွက်/ကျေးရွာအုပ်စု(၅၆)အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ စုစုပေါင်း အင်အား(၂၁၆)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဌေး (မလှိုင်)