မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မဲခေါင်-လန်ချန်း ဒေသတွင်း စွန့်ပစ်ပစ္စည်းများ ပြန်လည်လည်ပတ်အသုံးချမှုဆိုင်ရာ သုတေသန ဓာတ်ခွဲခန်းဖွင့်ပွဲ၊ သုတေသီများ တွေ့ဆုံပွဲနှင့် သုတေသန ပူးပေါင်းဆောင်ရွက်နိုင်ရေး အခမ်းအနားသို့ တက်ရောက်

ချမ်းအေးသာစံ မတ်၁၂

မဲခေါင် - လန်ချန်း ဒေသတွင်း စွန့်ပစ်ပစ္စည်း ပြန်လည်လည်ပတ် အသုံးချမှုဆိုင်ရာ သုတေသနဓာတ်ခွဲခန်းဖွင့်ပွဲ၊ သုတေသီများ တွေ့ဆုံပွဲနှင့် သုတေသန ပူးပေါင်းဆောင် ရွက်နိုင်ရေး မိတ်ဆက်တင်ပြခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးနည်းပညာတက္ကသိုလ် (MTU) တွင် ကျင်းပရာ မန္တလေးတိုင်း‌ဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မန္တလေး တပ်နယ်မှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီးနှင့် ကိုယ်စားလှယ်များ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၊ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့မှ တာဝန်ရှိသူများ၊ နှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် “ Mekong-Lancang (မဲခေါင်-လန်ချန်း) ဒေသတွင်း နိုင်ငံများ သုတေသန ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေဖြင့် ထူထောင်သည့် မဲခေါင်-လန်ချန်း ဒေသတွင်း စွန့်ပစ်ပစ္စည်းပြန်လည် လည်ပတ် အသုံးချမှု ဆိုင်ရာ သုတေသနဓာတ်ခွဲခန်း ထူထောင်ခြင်းဖြင့် သိပ္ပံနှင့်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်း” စီမံကိန်း၏ မဲခေါင်-လန်ချန်း ဒေသတွင်း စွန့်ပစ်ပစ္စည်း ပြန်လည်လည်ပတ် အသုံးချမှုဆိုင်ရာ သုတေသန ဓာတ်ခွဲခန်းအား ဖဲကြိုးဖြတ်၍ လည်းကောင်း၊ ကဗ္ပည်းအား စက်ခလုတ်နှိပ်၍ လည်းကောင်း ဖွင့်လှစ်ပေး၍ အမွှေးနံ့ သာရည်များ ပက်ဖျန်းပြီး ဓာတ်ခွဲခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။

၎င်းနောက် အခမ်းအနားကို စုဝေးခန်းမ၌ ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှု မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ကြသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ဓာတ်ခွဲခန်းကို ဖွင့်လှစ်နိုင်ခြင်းဖြင့် ဒေသတွင်းနိုင်ငံများ၏ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးတွင် စိန်ခေါ်မှုများအတွက် ပူးပေါင်းဆောင်ရွက်ဖြေရှင်းဆိုင်ရာ နည်းပညာများကို ဖော်ထုတ်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ စွန့်ပစ်ပစ္စည်း ပြန်လည်လည်ပတ်အသုံး ပြုရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော သိပ္ပံနည်းကျ တီထွင်ဆန်းသစ်မှုများကို ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းနှင့် ဗဟုသုတ သတင်းအချက်အလက်များကို ဝေမျှနိုင်ခြင်းတို့ဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှုကို လျော့ချနိုင်ရုံသာမက ဒေသတွင်း နိုင်ငံအားလုံး၏ စီးပွားရေးနှင့် လှုမှု‌ရေးဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးက သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် မဲခေါင်-လန်ချန်း ဒေသတွင်း အသိုက် အဝန်းအတွင်း စွန့်ပစ်ပစ္စည်း ပြန်လည်လည်ပတ်အသုံးချမှုဆိုင်ရာ ပညာရေး ဖွံ့ဖြိုးတိုးတက်‌မှု၊ မန္တလေး နည်းပညာတက္ကသိုလ်နှင့် အခြားတက္ကသိုလ်များအကြား၊ စက်ရုံအလုပ်ရုံများအကြား၊ ပြည်သူလူထုနှင့် လူမှုပတ်ဝန်းကျင် အသိုက်အဝန်းအကြား စွန့်ပစ်ပစ္စည်းများ ပြန်လည်လည်ပတ်အသုံးချမှုဆိုင်ရာ ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည့် အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်ပါကြောင်း၊  ယနေ့ခေတ်တွင် လျှပ်စစ်မော်တော်ယာဉ်ဆိုင်ရာ နည်းပညာများ ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိခြင်းကြောင့် စွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး လျှပ်စစ်မော်တော်ယာဉ်တွင် အသုံးပြုသည့် ဘက်ထရီများ ထုတ်လုပ်ခြင်း ပြန်လည်လည်ပတ် အသုံးပြုခြင်းများဆိုင်ရာ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု သုတေသနများကို ဆောင်ရွက်စေလိုပါကြောင်း၊ ယခု စီမံကိန်းသည် အခြားသော တက္ကသိုလ်များအတွက် စံနမူနာကောင်းတစ်ခု ဖြစ်လာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ‌သံမှူးကြီး Dr.Zheng Zhihong က တရုတ်နိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေမှုများကို ပြောကြားပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မဲခေါင်-လန်ချန်း ပူးပေါင်း‌ဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)မှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းက Virtual Online ဖြင့် မဲခေါင်-လန်ချန်း ဒေသတွင်း နိုင်ငံများအတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စီးပွားရေး အကျိုးအမြတ်များ ရရှိမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများကို ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆောင်ရွက်ခဲ့ကာ ယခုစီမံကိန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်းနှင့် ကျေးဇူးတင်စကား တို့ကို ပြောကြားခဲ့ကြောင်း သတင်းရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)