နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကာလအတွင်း လုံခြုံရေး ပိုမိုဂရုစိုက်စေရန် တပ်ကုန်းမြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်များအား လိုက်လံစစ်ဆေး

တပ်ကုန်း မတ် ၁၂

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကာလအတွင်း လုံခြုံရေးပိုမိုဂရုစိုက်စေရန် တပ်ကုန်းမြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်များအား လိုက်လံ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကင်းသာ၊ ညောင်လွန့်နှင့် ကြို့ပင်သာ ပူးပေါင်းစစ်ဆေးရေးဂိတ်များအား စစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုလွင်၊ အမှတ် (၁) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ဒုတိယကွပ်ကဲရေးမှူး ရဲမှူး ကြီး နေမျိုးထွဋ်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်ကိုဝင်း နှင့် ဒုရဲမှူးကြီး စံသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ ရဲမှူး မြစိုးနှင့် တာဝန်ရှိသူများက ကင်းသာ၊ ညောင်လွန့်နှင့် ကြို့ပင်သာ ပူးပေါင်း စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်နေသူများအား လုံခြုံရေးအထူးဂရုစိုက်စေရန်၊ သတင်းလက်ဦးမှုများ ရယူစေရန် လူ၊ယာဉ်များကို အသေးစိတ်ရှာဖွေစစ်ဆေးစေရန်၊ ငွေကြေးတောင်းခံခြင်း မပြုလုပ်မိစေရန်၊ ခရီးသွားပြည်သူများကို နိုင်ထက်စီးနင်း မပြုလုပ်မိစေရန် ရှင်းလင်းမှာကြားခဲ့ပြီးနောက် ကြက်ဥနှင့်ခေါက်ဆွဲခြောက်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့်တာဝန်ရှိသူများက တပ်ကုန်းမြို့နယ် တုံးသျှိုးကျေးရွာတွင် မတ် ၁၀ ရက်နေ့က အကြမ်းဖက်အဖွဲ့မှ ပစ်သတ်သွားခဲ့သည့် ကျောင်းအုပ်ဆရာ ဦးဇင်မိုးထွန်း၏ မိသားစုဝင်များထံ နာရေးကူညီထောက်ပံ့ငွေ ၁၀ သိန်းကို ယာယီမြို့နယ် ပညာရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်