ချမ်းအေးသာစံ မတ် ၁၂
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချမ်းမြသာစည်မြို့နယ်တွင် ၆၈လမ်း (၁၀၇လမ်းမှ ၁၁၀လမ်းအထိ)၊ ၁၀၉လမ်း(၆၈လမ်း မှ၇၃လမ်းအထိ) နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်လှစ်ခြင်းအခမ်းအနားကို အဆိုပါ လမ်းသစ်ဖွင့်လှစ်သည့် မင်္ဂလာမုခ်ဦးရှေ့တွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ မန္တလေးတပ်နယ်မှ တပ်နယ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးအချက်အချာကျသည့် မြို့တော်ဖြစ်ပြီး သွားလာရာတွင် အဆင်ပြေချောမွေ့စေရန် လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ မြို့တွင်းလမ်းများအား ယာဉ်ကြောကြပ်တည်းမှုလျော့ချနိုင်ရေးနှင့် ယာဉ်အန္တရာကင်းရှင်းရေးအတွက် တိုးချဲ့ပြုပြင်ပေးခြင်း၊ အမာခံလမ်းများဖောက်လုပ်ပေးခြင်း၊ လမ်းများအဆင့်မြှင့်တင်ပေးခြင်းများကို ဦးစားပေးအဆင့်များ သတ်မှတ်၍ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လမ်းများကောင်းမွန်စေရေးနှင့်အတူ ရေစီးရေလာကောင်းမွန်စေရေးကိုပါ အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ မြို့တော်သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေး၊ မြို့နေလူထုစိတ်ချမ်းမြေ့စေရေး၊ မြို့တော်အင်္ဂါရပ်နှင့်အညီဖြစ်စေရေး အလေးထားဆောင်ရွက်လျက်ရှိရာ အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးရာဝန်ကြီး ဦးကျော်ဆန်းက တိုင်းဒေသကြီးအတွင်း ဘဏ္ဍာရေးနှစ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွင်း ကော်မတီနယ်နိမိတ်(၆)မြို့နယ်တွင် နိုင်လွန်ကတ္တရာလမ်း၊ ကတ္တရာလမ်း၊ ကွန်ကရိလမ်း၊ ကျောက်ချောလမ်း၊ Cement Stabilized လမ်းအပါအဝင် လမ်းပေါင်း(၁၆၃)လမ်း (မိုင်ပေါင်း၄၁.၁၈မိုင်)၊ Precastစနစ်ဖြင့် ဆောင်ရွက်သည့်တံတား(၁၁၀)စင်းနှင့် ရေမြောင်းပေရှည်(၄၉၆၁၉)ပေ ဆောင်ရွက်ပြီးစီးမှု၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ စိမ်းလမ်းစိုပြည်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ရှင်းလင်းပြောကြားပြီး ရပ်မိရပ်ဖတစ်ဦးက နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်လှစ်ပေးသည့်အပေါ် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်လွန်ကတ္ကရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ ယခုဖွင့်လှစ်လိုက်သည့် နိုင်လွန်ကတ္တရာလမ်းသစ်များမှာ ၆၈လမ်း၊ ၁၀၇လမ်းမှ ၁၁၀လမ်းအထိ အရှည်ပေ ၂၂၃၄ ပေ x ၄၀ပေ ရှိပြီး စုစုပေါင်းကုန်ကျငွေ ကျပ် ၃၁၇.၁၉၃ သန်း၊ ၁၀၉လမ်း၊ ၆၈လမ်းမှ ၇၃လမ်းအထိ အရှည်ပေ ၂၆၂၇ ပေ x ၃၀ပေ ရှိပြီး စုစုပေါင်းကုန်ကျငွေ ကျပ် ၃၁၄.၂၅၅ သန်းရှိပြီး ၆၈လမ်းသည် မြို့နယ် ၃ခု ကို တိုက်ရိုက်ဆက်သွယ်ပေးသောလမ်းဖြစ်ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်