တာချီလိတ်ခရိုင်ရှိ စာစစ်ဌာန သုံးခုတွင် တက္ကသိုလ်ဝင်စာမေးပွဲများ အေးချမ်းစွာ စတင်ဖြေဆို

တာချီလိတ် မတ် ၁၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ(၁၁) ရက်နေ့မှ စတင်ကျင်းပဖြေဆိုနေပြီဖြစ်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ် မြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်ရှိ စာစစ်ဌာနသုံးခုတွင် ယမန်နေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုနေကြပြီဖြစ်သည်။

တာချီလိတ်မြို့နယ်ရှိ အ.ထ.က (တာချီလိတ်) နှင့် အ.ထ.က (တာလေ) စာစစ်ဌာန နှစ်ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းရှိ (၁၄၂) ဦး ယမန်နေ့က မြန်မာစာဘာသာဖြေဆိုသူ (၁၃၈) ဦး၊ ပျက်ကွက် (၄) ဦးရှိခဲ့ကြောင်း၊ မိုင်းဖြတ်မြို့နယ်ရှိ အ.ထ.က (မိုင်းဖြတ်) စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန် စာရင်းရှိ (၆၇) ဦး ယမန်နေ့က မြန်မာစာဘာသာ ဖြေဆိုသူ (၆၅)ဦး၊ ပျက်ကွက်(၂)ဦးရှိခဲ့ကြောင်း၊ တစ်ခရိုင်လုံးအနေဖြင့် စာမေးပွဲဖြေဆိုသူ (၉၇.၁၃%) ဖြစ်ကြောင်း သိရသည်။

ကျောင်းသူ၊ ကျောင်းသားများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းကို၊ ခရိုင်ပညာရေးမှူး ဒေါ်သန္တာလွင်နှင့် တာဝန်ရှိသူတို့က လိုက်လံကြည့်ရှု စစ်ဆေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)